ကင်ရှာဆာ ဒီဇင်ဘာ ၂၉

 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်က ကာလဝမ်းရောဂါ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို လူဦးရေ နှစ်သန်းအား လျာထားကာ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

 

ရောဂါဖြစ်ပွားမှုနှုန်း ရပ်တန့်ရန်အတွက် အရှေ့ပိုင်းပြည်နယ် သုံးခုရှိ အသက်တစ်နှစ်နှင့် အထက်များကို ကာကွယ်ဆေး ထိုးနှံပေးမှုများ လုပ်ဆောင်ပေးခြင်းဖြစ်သည်ဟု ကျန်းမာရေး အာဏာပိုင်များက ပြောသည်။

 

ဟော့လိုမာမီ၊ တောင်ပိုင်းကီဗူနှင့် တန်ဂန်နီဂါပြည်နယ်တို့တွင် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို လုပ်ဆောင် ပေးနေခြင်း ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်း ပေါင်း ၃၆၀၀ ဝန်းကျင် ပါဝင်လုပ်ဆောင်ပေးပြီး အဆိုပါ ကာကွယ်ဆေး ထိုးပေးမည့် လှုပ်ရှားမှုမှာ ခြောက်ရက်ကြာမြင့်မည်ဟု သိရသည်။

 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ကာလဝမ်းရောဂါဟု သံသယရှိသူ ၈၂၇၉ ဦးရှိပြီး သေဆုံးသူ ၁၅၃ ဦးရှိသည်။

 

ကာလဝမ်းရောဂါသည် စိုးရိမ်ရသည့်ရောဂါဖြစ်ပြီး မကုသဘဲထားပါက နာရီပိုင်းအတွင်း အသက်သေဆုံးနိုင်သည်။ မတ် လနှင့် ဇူလိုင်လအတွင်းကလည်း လူဦးရေ ၁ ဒသမ ၄ သန်းကို ကာလဝမ်းရောဂါကာကွယ်ဆေး ထိုးပေးခဲ့သည်။

 

ဆင်ဟွာ