သီပေါ   ဒီဇင်ဘာ   ၂၉

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံခိုင် သန်စွမ်းစေရန်၊ ဉာဏ်ရည် ထက်မြက်စေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန် ရည်ရွယ်၍ ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးက ပြိုင်ပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် ပြောကြားပြီး မူလတန်းအဆင့် မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ အလယ်တန်း၊ အထက်တန်းအဆင့် ထုပ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ စသည့် အားကစား ပြိုင်ပွဲများကို ပြုလုပ်ခဲ့သည်။

 

မူလတန်းအဆင့်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည့် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့် ခြင်းနှင့် အလယ်တန်း၊ အထက်တန်းဆင့်ပြိုင်ပွဲ၊ ဗိုလ်လုပွဲများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆက်လက်ယှဉ်ပြိုင်ကာ ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခင်လေး(ပြန်/ဆက်)