ဘားအံ ဒီဇင်ဘာ ၂၉
ကရင်ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲနိုင်ရေး အသုံးစရိတ် စိစစ်သည့် အစည်းအဝေးကို ဒီဇင်ဘာ ၂၈ ရက်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက “ရန်ပုံငွေသုံးစွဲမှုနှင့် စပ်လျဉ်း၍ မူဝါဒများ ချမှတ်ထားပြီး ဦးစားပေး အစီအစဉ်အလိုက် ရရှိသည့်ဘဏ္ဍာငွေပေါ်မူတည်၍ လျာထား စိစစ်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ စိစစ်ခြင်းအားဖြင့် ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုကို နည်းပါးစေမည်ဖြစ်ပြီး စနစ်တကျဖြင့် ထိရောက်သည့် သုံးစွဲမှုများဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ရွေးချယ်ဆောင်ရွက်ထားသည့် စီမံကိန်း လုပ်ငန်းများအပေါ်မူတည်၍ အရအသုံး ခန့်မှန်းခြေငွေစာရင်း စိစစ်ခြင်းကို ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးကြရန်” ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးက အရအသုံးခန့်မှန်းခြေ ငွေစာရင်း ရေးဆွဲတင်ပြထားမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အသုံးစရိတ်များ တင်ပြတောင်းခံထားမှုကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အသုံးစရိတ်များအား စိစစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။ အဆိုပါ အသုံးစရိတ်စိစစ်သည့် အစည်းအဝေးကို ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကျင်းပခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဘားအံမြို့၊ ဗိုလ်ချုပ်လမ်းဘေး ဝဲယာ၌ ၅ ပေအကျယ် အရှည် ၅၅၂၃ ပေရှိ ပလက်ဖောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကန်သာယာပတ်လမ်း Steel Structure Decking ပြုလုပ်ခြင်း လုပ်ငန်း (၇၀ ပေ x ၃၅ ပေ) ကိုလည်းကောင်း၊ ဘားအံမြို့၊ ပြည်နယ် ပြည်သူ့ဆေးရုံကြီးအနီးတွင် (၉ပေ x ၁၅ ပေ)ရှိ ဈေးဆိုင်ခန်း ၁၁ ခန်း တည်ဆောက်ရန် မြေပြင် ကွင်းဆင်း တိုင်းတာနေမှု အခြေအနေများကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)