ကျောက်ဆည် ဒီဇင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အမှတ်(၇) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ အားကစားပြိုင်ပွဲများကျင်းပပြီး ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား ကျောင်းသူများ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စည်းလုံးညီညွတ်မှုရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေရန်အတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊  ကျောင်းသား ကျောင်းသူများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြစေရေး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အားကစားပြိုင်ပွဲ ကျင်းပရာ  မီတာ(၁၀၀)အပြေး၊ အိတ်စွပ်၊ အားလူးကောက်နှင့် ပူပေါင်းဖောက်ပြိုင်ပွဲများတွင် အတန်းတိုင်းမှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများအပြီးတွင် မီတာ(၁၀၀)အပြေး၊ အိတ်စွပ်၊ အားလူးကောက်နှင့် ပူပေါင်းဖောက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား ကျောင်းသူမျာအား  ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)