မိုးနဲ   ဒီဇင်ဘာ  ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ပဲပုပ်မျိုးစေ့ထုတ် နှင့် စံပြကွက် စိုက်ပျိုးမည့်တောင်သူများအား ရေဆင်း-၁၅ ပဲပုပ်မျိုးစေ့နှင့် သွင်းအားစုများထောက်ပံ့ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးက မျိုးစေ့များကို လယ်စပါးသီးနှံအပြီး သီးထပ်စိုက်ပျိုးနိုင်ရန်၊ မျိုးကောင်းမျိုးသန့်များ ပွားများသုံးစွဲလာနိုင်ရန်၊ ထွက်နှုန်းတိုးတက်ရေးနှင့် မြေဩဇာများ စနစ်တကျသုံးစွဲလာစေရန် စသည့်တောင်သူနည်းပညာပေးရှင်းလင်း‌ ဆွေးနွေး ခဲ့သည်။

ဆက်လက်၍ စံပြကွက်စိုက်ပျိုးမည့် တောင်သူ ၃၅ ဦးအား ရေဆင်း-၁၅ ပဲပုပ် ၁၀ ကီလိုပါ အထုတ် ၃၅ ထုတ်နှင့် ဓာတ်မြေဩဇာများကိုလည်းကောင်း၊ တောင်သူနည်းပညာပေး လက်ကမ်းစာစောင် များကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ် ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)