ရန်ကုန် ဒီဇင်ဘာ ၃၀
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု)မှ မြို့တော်ခန်းမရှေ့၌ ပထမဦးဆုံး ရေဂါလန်တစ်သိန်းဆံ့ ရေစုကန် (RC Ground Tank) တည်ဆောက် လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပြီးစီးမည်ဟု အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု)မှ သိရသည်။
"ရေစုကန် တည်ဆောက်ရေး စီမံကိန်းကို ဇန်နဝါရီ ဒုတိယပတ်၌ တည်ဆောက်ပြီးစီးရန် လျာထား ပါတယ်။ အဓိကတော့ ဆူးလေဘုရားလမ်း တစ်ဝိုက်နဲ့ မဟာဗန္ဓုလလမ်းတစ်လျှောက် အပါအဝင် မြို့တော်ခန်းမဝန်းကျင်မှာ မိုးတွင်းကာလ နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံဖြစ်ပေါ်နေမှုကို ဒီရေစုကန်မှာ စုပြီး မိုးတိတ်သွားတဲ့အချိန်မှာ ပန့်နဲ့ စုပ်ထုတ်ဖို့အတွက် ရေဂါလန် တစ်သိန်းဆံ့ ရေစုကန် (RC Ground Tank) တည်ဆောက်နေတာပဲဖြစ်ပါတယ်။ အချိန်ကြာ မိုးရွာသွန်းနေရင်လည်း ပန့်နဲ့ စုပ်ထုတ်မှာ ဖြစ်သလို မြောင်းကျော်လာတဲ့ ရေတွေကိုပါ ပန့်နဲ့စုပ်ထုတ်မှာ ဖြစ်ပါတယ်၊၊ ဒါရန်ကုန်မြို့မှာ ပထမဦးဆုံး ဆောက်လုပ်လိုက်တဲ့ မိုးရေကို စုမယ့်ကန်ဖြစ်ပြီး မိုးကြီးတာ ရေလျှံတာနဲ့ လမ်းပေါ် ရေတင်မှုအတွက် ပထမဦးဆုံး တည်ဆောက်လိုက်တဲ့ မိုးရေစုကန်ပဲ ဖြစ်ပါတယ်။ ဒီ မိုးရေစုကန် တည်ဆောက်ပြီးစီးသွားပြီဆိုရင်တော့ မိုးတွင်းကာလ ပြည်သူတွေ နှစ်စဉ် ကြုံတွေ့နေကြရတဲ့ ရေကြီးရေလျှံဖြစ်ပေါ်မှု မရှိတော့မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စိမ်းအေးချမ်းသာစွာ မြို့ထဲ ပတ်ဝန်းကျင် ဖြတ်သန်းသွားလာနိုင်ကြတော့မှာ ဖြစ်ပါတယ်''ဟု အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု) ဦးစီးအရာရှိ ဒေါ်မိုးမိုးအေးက ပြောပြသည်။
အဆိုပါ ရေဂါလန်တစ်သိန်း ဝင်ဆံ့မည့် ရေစုကန်မှာ အလျား ပေ ၇၀၊ အနံ ၃၃ ပေနှင့် အနက် ၇ ပေရှိသည်။ မိုးရာသီကာလအတွင်း မိုးသည်ထန်စွာ ရွာသွန်းချိန်နှင့် မြစ်ရေတက်ချိန် တိုက်ဆိုင်ပါက ရန်ကုန်မြို့လယ်တွင် ယာယီရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသောကြောင့် မိုးရေများအား ယာယီ သိုလှောင်နိုင်ရန် တည်ဆောက်နေခြင်းလည်းဖြစ်သည်။ လမ်းပေါ်မှ ရေများအား ရေစုကန်အတွင်း နည်းလမ်းအဖုံဖုံဖြင့် စီးဝင်စေ၍ ယာယီရေစုသိုလှောင်ပြီး မဟာဗန္ဓုလလမ်းရှိ ယခင်မြေအောက် ရေမြောင်းမှ တစ်ဆင့် မဟာဗန္ဓုလပန်းခြံအတွင်းရှိ အနက် ၅ ပေရှိ သည့်ရေမြောင်းသို့ စီးဆင်း စေမည်ဖြစ်ကာ ဆူးလေဘုရားလမ်း မြစ်ထွက်ပေါက်မှ တစ်ဆင့် ရန်ကုန်မြစ်အတွင်း ရေများ စီးဆင်းနိုင်ရန် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ရေစုကန်တည်ဆောက်ပြီးစီးပါက ဆူးလေဘုရားလမ်း တစ်ဝိုက်၊ မဟာဗန္ဓုလလမ်း တစ်လျှောက် အပါအဝင် မြို့တော်ခန်းမဝန်းကျင်တို့၌ မိုးတွင်းကာလ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေသော ရေကြီးရေလျှံ မှုများမှာ ပပျောက်သွားမည်ဖြစ်၍ ရေစီးရေလာ ကောင်းမွန်စေတော့မည်ဖြစ်ကြောင်း၊ ရေစုကန် တည်ဆောက်ရေး စီမံကိန်းကို နိုဝင်ဘာ ၂၁ ရက်က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းမှာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အာကာစိုး