နေပြည်တော် ဒီဇင်ဘာ ၃၀
e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီတွင် ပါဝင်သည့် ပြန်ကြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဆပ်ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက Virtual Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်ပါ ဆောင်ရွက်ပြီး ကိစ္စရပ်များ၊ ဆောင်ရွက်ရန် ကျန်လုပ်ငန်းများနှင့် ဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များမှ သတင်းပြန်ကြားရေးကဏ္ဍနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍများအပေါ် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးကြသည်။
အစည်းအဝေးသို့ ပြန်ကြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ဆပ်ကော်မတီတွင် ပါဝင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ ဖြစ်သော နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF)မှ အဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ပြန်ကြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဆပ်ကော်မတီသည် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ဖွဲ့စည်းထားသည့် ဆပ်ကော်မတီ ရှစ်ခုတွင် တစ်ခုပါဝင်ပြီး ဆပ်ကော်မတီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် e-Government ဦးဆောင် ကော်မတီနှင့် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီတို့၏ လမ်းညွှန် ချက်များပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
MDN