ရန်ကုန်   ဒီဇင်ဘာ   ၃၀

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များသည် ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီခွဲတွင် ဗဟန်းမြို့နယ်၊ ကန်တော်ကြီး သဘာဝဥယျာဉ် သစ်တောဇုန်သို့ သွားရောက်၍ ရန်ကုန်မြို့၏ ပထမဦးဆုံး ညီအစ်မမြို့တော် ဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယန်ကျိုးမြို့၏ မြို့တော်ဝန်မှ လက်ဆောင်ပေးအပ်ခဲ့သည့် ချစ်ကြည်ရေး အထိမ်းအမှတ် အလှပြလှေ ပြုပြင် ထိန်းသိမ်းထားရှိမှု၊ ကန်တော်ကြီး ရေပြင်အတွင်း Aquamarine ယာဉ်ဖြင့် ဒိုက်နှင့် မှော်များ ဆယ်ယူ ရှင်းလင်းနေမှု၊ ဘဲဥပုံ Ellipse လေ့ကျင့်ခန်းခုံ ပြုပြင်တည်ဆောက်ပြီးစီး၍  လူအများ လေ့ကျင့်ခန်း ဆောင်ရွက်နေမှုနှင့်  အပန်းဖြေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်းရှိ အင်းလျားကန်ပေါင်၌ ဒီဇင်ဘာ ၂၅ ရက်က ဖွင့်လှစ်ခဲ့သော မြကျွန်းသာအနီး အများပြည်သူသုံး သန့်စင်ခန်းကို လည်းကောင်း၊ အင်းလျားကန်ပေါင်ရှေ့ ကမ္ဘာအေးစေတီလမ်းမပေါ်တွင် သန့်ရှင်းရေး ပြုလုပ်ပြီး ရေဆေးနေမှုကို လည်းကောင်း၊ New Day ဆီဆိုင်အနီး အများပြည်သူသုံး သန့်စင်ခန်း ဆောက်လုပ်နေမှုနှင့် ကန်ပေါင်မှ အတက်အဆင်း လှေကား ပြုလုပ်ပြီးစီးမှုကို လည်းကောင်း၊  ကန်ပေါင်အောက် ရေမြောင်းမှ ကမ္ဘာအေးစေတီလမ်း ရေမြောင်းသို့ ရေဝင်ပေါက်နေရာတွင် ရေစစ်ကန် တည်ဆောက်ထားမှု၊ ကန်ပေါင်တစ် လျှောက် စင်္ကြံလမ်းနှင့် အတက်အဆင်း လှေကားများ ပြုပြင်ထားမှု၊ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် မရမ်းကုန်းမြို့နယ်၊ (၁၀)ရပ်ကွက်၊ အင်းလျားရိပ်သာလမ်းရှိ အင်းလျားရေပိုလွှဲ Spill Way နှင့် ရေထိန်းတံခါးများ ပြန်လည်ပြုပြင်ထားရှိမှု၊ ရေထုတ်မြောင်း ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ထားမှုနှင့် အင်းလျားကန်ရေပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  ရေပိုလွှဲအနီး ကန်စပ်တွင် မြေဖို့ပြုပြင် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ တပ်မတော် ဆေးတက္ကသိုလ်နှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီးအကြား မင်္ဂလာကန်သို့ လည်းကောင်း၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ EM Bokashi မြေဩဇာ ထုတ်လုပ်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ EM Bokashi သဘာဝမြေဩဇာသည်  ရန်ကုန်မြို့မှ ထွက်ရှိသည့် သစ်ရွက်ဆွေး၊ သစ်ကိုင်းခြောက် အမှိုက်များအား လျှော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း နိုင်ရေးအတွက် အစားထိုး မြေဩဇာ ထုတ်လုပ်ခြင်းဖြစ်ပြီး ၁၀ ပိဿာပါ မြေဩဇာအိတ် တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် မည်သူမဆိုဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။ 

သတင်းစဉ်