သထုံ ဒီဇင်ဘာ ၃၀
မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက်ပိုင်းက သထုံမြို့နယ်၊ ရှမ်းစုကျေးရွာနှင့် ဒလပန်းကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲ အအခမ်းအနားသို့တက်ရောက် ဖွင့်လှစ် အားပေးခဲ့သည်။
ရှေးဉီးစွာ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေးနှင့် လျှပ်စစ််မီးရရှိရေး၊ စိုက်ပျိုးမွေးမြူ ရေးကဏ္ဏများဖွံ့ဖြိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိသလို လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးသည် အရေးကြီးသည့် အချက်ဖြစ်ပါကြောင်း၊ ထို့အတွက် လမ်းတံတားလုပ် လုပ်ငန်းများကို သက်ဆိုင်ရာဌာန အသီးသီးက အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများ စံချိန်စံညွှန်းမီပြီးစီးစေရေး အထူးကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုး လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်စေရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားကာ အဆိုပါလမ်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါလမ်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၂၁၅) သန်းဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖောက်လုပ်ပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် မြေသားလမ်း၊ ကျောက်ခင်းလမ်းနှင့် ယခု ကွန်ကရစ်လမ်းအဖြစ် အဆင့်ဆင့် ဖောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် သထုံခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အတွင်းရှိ မြို့မိမြို့ဖများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုကျေးရွာများအရောက် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို မိမိတို့မြို့နယ်အလိုက် ဆောင်ရွက်ပြီးစီးမှုအား ဆန်းစစ်ပြီး ပြည်သူအားလုံး ထိုးနှံပြီးစီးရေးတွက်လည်း ဝိုင်ဝန်းနှိုးဆော်ပေးစေလိုကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် ဆောင်ရွက်ကြစေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အထူးအလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထို့ပြင် ရပ်ကွက်ကျေးရွာအတွင်း သဘာဝဘေးများ၊ ရေဘေး၊ လေဘေးစသည်များကို ကြိုတင်ကာကွယ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံ ရွှေစာရံ စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကာ စေတီတော်ဝန်းအတွင်းရှိ ရှေးဟောင်းကျောက်စာရုံများအား လှည်လည်ကြည့်ရှုပြီး ရှေးဟောင်းကျောက်စာများ ရေရှည်တည်တံ့ရေး၊ သမိုင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် လိုအပ်သည်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်