နေပြည်တော် ဒီဇင်ဘာ ၃၀
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဒီဇင်ဘာ ၂၆ ရက် မှ ၂၈ ရက်အထိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)၊ ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာန (ရန်ကုန်)၊ သာကေတ ကမ်းလွန် အခြေစိုက်စခန်းနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ(စိမ်းလဲ့မေ)တို့ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှု အောက်ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)၌ စက်ဆီ/ချောဆီရောစပ် စက်ရုံ၊ ရေလုံ သင်္ဘောကျင်းရုံးအဆောက်အဦ၊ ဧည့်ရိပ်သာနှင့် သုတေသနနှင့်အမျိုးအစား စစ်ဆေးရေးဌာန ဓာတ်ခွဲခန်းများသို့ ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ သိုလှောင် ဖြန့်ဖြူးရေးဌာနကြီး(ရန်ကုန်)နှင့် ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ဒုတိယ စစ်ဆေးရေးအရာရှိချုပ်ရုံး (အောက်မြန်မာပြည်)တို့ကို ကြည့်ရှုစစ်ဆေးပြီး ရုံးအဆောက်အဦအတွင်းရှိ ရုံးခန်းများသန့်ရှင်းစေရေး ဝါယာကြိုးများ စနစ်တကျထားရှိနိုင်ရေး လိုအပ်သလို စစ်ဆေးပြုပြင် ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ ၄ ထပ်ရုံး အဆောက်အဦ၊ ခြံစည်းရိုးနှင့် မျက်နှာစာတို့ ဆေးသုတ်ရန်၊ ပြုပြင်ထိန်းသိမ်းရေး ရုံးအတွင်းနှင့် ရုံးအပြင်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်သာယာ လှပစေရေးအတွက် စီမံဆောင်ရွက်ရန် ဖြစ်ကြောင်း၊ သန်လျက်စွန်းလမ်းမကြီးဘေးရှိ ရုံးအဆောက်အဦ၊ အရာထမ်း၊ အမှုထမ်းအိမ်ခန်းများ၊ ခြံစည်းရိုးများ၊ ခြံစည်းရိုးနှင့် ကားလမ်းမကြီးအကြားအမြင် တင့်တယ်စေရေး၊ သန့်ရှင်းသပ်ရပ်သာယာ လှပစေရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ကမ်းလွန် အခြေစိုက်စခန်း(သာကေတ)နှင့် အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)တို့ကို ကြည့်ရှုစစ်ဆေးရာ အထွေထွေ မန်နေဂျာက သာကေတရေလုံသင်္ဘော ကျင်းတိုးချဲ့တည်ဆောက်မည့် အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှု တို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေလုံသင်္ဘောကျင်း တိုးချဲ့တည်ဆောက်မည့်မြေနေရာအား ရှင်းလင်းထားရန်နှင်စက်ပြင် အလုပ်ရုံအတွင်း နေ့စဉ်၊ အပတ်စဉ် ရှင်းနိုင်သမျှ ရှင်းလင်း ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ရုံးအတွင်းရှိ Data Center Room များအား သတ်မှတ်ထားသည့် နေရာအကျယ်အဝန်း၊ စံချိန်စံညွှန်းနှင့် ကိုက်ညီစွာ သိမ်းဆည်းအသုံးပြုနိုင်ရေးအတွက် အစီအမံနှင့် layout plan အား ရေးဆွဲတင်ပြရန်ဖြစ်ကြောင်း မှာကြားပြီး ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)