ကျောက်ဆည် ဒီဇင်ဘာ-၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄)ရွာ အကျိုး ပြုမည့် ကျေးလက်လမ်းအား ဂျင်းမြေခင်းခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ဂျင်းမြေခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၄၂.၈၀၀)သန်း အကုန်အကျခံကာ ကျောက်ဆည်ခရိုင်အမှတ်(၂)ပတ်လမ်းနှင့်ဆက်သွယ်ထားသည့် အရှည် (၂)မိုင်(၅)ဖာလုံ၊ အကျယ်(၁၈)ပေ၊ ထု(၄)လက်မရှိ အရှေ့သာဂရ-ဆည်ကုန်း-ဈေးရွာလမ်းဖြစ်ကြောင်း သိရှိ ရသည်။
ဂျင်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၄)ရွာမှအိမ်ခြေ(၄၉၀)၊ လူဦးရေ(၂၁၉၂)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် များစွာအဆင်ပြေ သွားမည်တော့ဖြစ်ကြောင်းနှင့် ကျေးလက်ထုတ်ကုန်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်းဈေးကွက်အတွင်းသို့ လွယ်ကူစွာ ရောင်းဝယ်နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှသိရှိရသည်။
သက်မောင်(ကျောက်ဆည်)


