မိုင်းရှူး ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ ဝမ်ကန် - နမ့်ဆတ် - ဟိုဆိုင်ကျေးရွာချင်းဆက် မြေသားလမ်း (၃/၀) မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒီဇင်ဘာ ၃၀ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေသားလမ်း(၃/၀) မိုင် ဖောက်လုပ်ခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၁၂၁.၁၀၀) သန်း ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုဖောက်လုပ်လျက်ရှိသည့် ဝမ်ကန် - နမ့်ဆတ် - ဟိုဆိုင် ကျေးရွာချင်းဆက် မြေသားလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် (၁၁၄ ဒသမ ၃၄၅) သန်းဖြင့် မြေသားလမ်း (၃/ဝ) မိုင်၊ ကျပ် (၂၆ ဒသမ ၅၅) သန်းဖြင့် (၁၂) ပေ ကွန်ကရစ်တံတားတစ်စင်းနှင့် ငါးပေ Box Culvert နှစ်စင်းကိုလည်းကောင်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၁၁၅ ဒသမ ၄) သန်းဖြင့် မြေသားလမ်း (၃/၀) မိုင်ကိုလည်းကောင်း ဖောက်လုပ်ခဲ့ပြီးဖြစ်ရာ ယခုဘဏ္ဍာရေးနှစ်တွင် Ruby Sun Moon Co.,Ltd က တာဝန်ယူဖောက်လုပ်သည့် (၃/၀) မိုင်ပြီးစီးပါက ဝမ်ကန်- နမ့်ဆတ်-ဟိုဆိုင်ကျေးရွာချင်းဆက် မြေသားလမ်းအရှည်သည် (၉/၀) မိုင် ရှိမည်ဖြစ်ကြောင်း သိရသည်။
ဝမ်ကန် - နမ့်ဆတ် - ဟိုဆိုင်ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်ပြီးစီးပါက နမ့်ဆတ်ကျေးရွာအုပ်စု၊ ဟိုဆိုင်ကျေးရွာအုပ်စုအပြင် ၎င်းလမ်းနှင့် တစ်ဆက်တည်းဖြစ်သော ဟွေဟေးအုပ်စုမှတဆင့် မိုင်းစံမြို့သို့ လမ်းခရီးပေါက်မည်ဖြစ်ပြီး ကျေးရွာအုပ်စုသုံးအုပ်စု၊ ကျေးရွာ ၁၆ ရွာ၊ အိမ်ခြေ ၄၆၂၉ အိမ်၊ အိမ်ထောင်စု ၄၅၈၁ စု၊ လူဦးရေ ၁၈၀၂၁ တို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


