ကျိုင်းတုံ           ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုပပျောက်စေရန် ကတ်ထိုက်ကျေးရွာအုပ်စုအတွင်းရှိ သီးပွင့်ဆဲဘိန်းခင်း  ၁၁ ဧကအား  ဒီဇင်ဘာ ၃၀ ရက်က ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ က ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌ဌေးမောင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်မှူးအောင်မြတ်သူ နှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၂၈)မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ် ကျော်မိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကတ်ထိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းဆိုက်နွန်းပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ နောင်ဆုံ(၃)ကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခွဲခန့်အကွာတွင် အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၅ ဧက၊ နောင်ဆုံ(၃)ကျေးရွာ၏  အနောက်ဘက် ၅ မိုင်ခန့်အကွာ အမြင့် ၁ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၆ ဧက ခန့်တို့ကို ဖျက်ဆီးခဲ့ကြသည်။

ကျိုင်းတုံမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုပပျောက်စေရန်နှင့် ဘိန်းအစားထိုးသီးနှံများစိုက်ပျိုးရန် သက်ဆိုင်ရာဌာနများမှ စီမံချက်များရေးဆွဲကာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)