ကျောက်မဲ ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများကို ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီနှင့် ဝန်ထမ်းများက ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်မှ အသက် ၈၅ နှစ်ပြည့်ပြီးသူနှင့်အထက် သက်ကြီးဘိုးဘွား ၁ ဦးကို တစ်လလျှင် ငွေ ၁၀၀၀၀- ကျပ်နှုန်းဖြင့် လူမှုရေးပင်စင်များပုံမှန် ထုတ်ပေးလျက်ရှိရာ ကျောက်မဲမြို့နယ်အတွင်း အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားစုစုပေါင်း ၅၀၁ ဦးအတွက် အောက်တိုဘာ ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလတာ လူမှုရေးပင်စင်ငွေ ကျပ် သိန်း တစ်ရာ့ငါးဆယ် သုံးသောင်း(၁၅၀၃၀၀၀၀/-)ကို လူမှု ဝန်ထမ်းဦးစီးဌာနမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့ လက်ဝယ်သို့ ထုတ်ပေးခဲ့သည်။
အဆိုပါ လူမှုရေးပင်စင်ငွေများကို အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဘိုးဘွားများ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)