ပူတာအို ဒီဇင်ဘာ ၃၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ပူတာအိုခရီးစဉ်တွင် လမ်းညွှန်ချက်နှင့် အညီ တစ်သီးစားမှ နှစ်သီးစားအဖြစ် တောင်သူများ စိုက်ပျိုးလာစေရေးအတွက် သီးထပ်စိုက်ပျိုးရေးစနစ်အကြောင်းကို အွန်လိုင်းမှတစ်ဆင့် အသိပညာပေးဟောပြောခြင်းကို ဒီဇင်ဘာ(၃၀)ရက် နံနက်(၁၀) နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆွေးနွေး ဟောပြောသည်။
ဟောပြောပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပူတာအိုနှင့် မချမ်းဘောမြို့နယ်များတွင် မိုးစပါးအပြီး ပဲပုပ်၊ ဆီမုန်ညှင်း၊ ပန်းနှမ်းများကို အဓိက ထားစိုက်ပျိုးပြသနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ သီးထပ်စိုက်ပျိုးခြင်းအားဖြင့် မိုးစပါးအပြီး တောင်သူများ အပိုဝင်ငွေတိုးတက်ရရှိလာမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပူတာအို၊ မချမ်းဘောမြို့နယ်များ၌ (၃၅)ဧကတွင် သီးထပ်စိုက်ပျိုးရေးစနစ် လက်တွေ့လုပ်ဆောင်ပြသ သွားမည့်အပြင် ပညာပေးအစီအစဉ်များလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်သီးစားမှနှစ်သီး စားအဖြစ် ပြောင်းလဲနိုင်ရန်အတွက် သီးထပ်စိုက်ပျိုးရေးစနစ်ကို ကချင်ပြည်နယ်ဝန်ကြီးချုပ်၏လမ်း ညွှန်ချက်နှင့်အညီ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေး ဟောပြောသည်။
အဆိုပါ ဆွေးနွေးဟောပြောချက်များကို တောင်သူများ အလွယ်တကူကြည့်ရှုလေ့လာနိုင်ရန်အတွက် ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)