ပေါက်ခေါင်း  ဒီဇင်ဘာ  ၃၁

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းများကို ဘဏ္ဍာနှစ်များအလိုက် ကျေးလက်ဒေသ အရောက်ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ အဆိုပါသင်တန်းများထဲမှ အုပ်ပုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အဆင့်မြှင့်မော်တာ အပ်ချုပ်စက်သင်တန်းကို တစ်လကြာသင်တန်းပို့ချပေးခဲ့ရာ ယမန်နေ့ နေ့လည်ပိုင်းက သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

 

သင်တန်းဆင်းပွဲတွင် ပြည်ခရိုင် ကျေးလက်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် မြို့နယ်ဦးစီးမှူး ဦးဌေးဇော်တို့က သင်တန်းဆင်း အမှာစကားများပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ကျေးလက်ဦးစီးမှူး တို့ကသင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

 

အဆိုပါ သင်တန်းများကို သင်ကြားပို့ချပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနှင့် မိသားစုအိုးမကွာ အိမ်မကွာ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ  သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)