ပွင့်ဖြူ   ဒီဇင်ဘာ     ၃၁

မကွေးတိုင်းဒေသကြီး ၊ပွင့်ဖြူမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရေးအတွက် အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများကို  ဒီဇင်ဘာ ၃၀ ရက်က ဆေးထိုးစုရပ် (၇)နေရာတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဆေးထိုးစုရပ် (၇)နေရာခွဲ၍ ဆရာ/ဆရာမများနှင့် စေတနာ့ဝန်ထမ်း(Volunteer) အဖွဲ့ဝင်များက စုပေါင်းကူညီဆောင်ရွက် ပေးခဲ့ပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူ ၅၈၈ ဦးတို့အား ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ကျောင်းသား ကျောင်းသူများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

ခင်ဝါဝါလှိုင်(ပြန်/ဆက်)