ဝန်းသို ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ရန်ပုံငွေဖြင့် တုံးကြိတ်ကျေးရွာတွင်း မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စီမံကိန်းရန်ပုံ ငွေကျပ်သိန်း(၁၀၀)နှင့် ပြည်သူ ထည့်ဝင်ငွေကျပ် ၆ သိန်း ၃ သောင်း၊ စုစုပေါင်းငွေကျပ် ၁၀၆ သိန်း ၃ သောင်းဖြင့် လမ်းအရှည်ပေ ၅၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မထ ဆောင်ရွက်သွားမည်ဖြစ်သည်။
"ကျနော်တို့ကျေးရွာက ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်လောက်က လျှပ်စစ်မီးရတယ်၊ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်မှာက ကျေးလက်ဦးစီးဌာနဘတ်ဂျက်နဲ့ စိမ့်စမ်းရေဆောင်ရွက်ခဲ့တယ်၊ အခု ၂၀၂၀-၂၀၂၁ ခု(၆)လဘတ်ဂျက် VDP စီမံကိန်းရန်ပုံငွေနဲ့ ရွာတွင်းလမ်းတွေကို ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခွင့်ရရှိတဲ့အတွက် ကျေးရွာအတွက် ဝမ်းသာပျော်ရွှင်ရပါတယ်၊ ရွာတွင်းလမ်း အားလုံးပေါင်း အရှည်ပေ ၁၂၀၀ ကျော်လောက်ရှိတယ်၊ ကျနော်တို့ရွာသားတွေရဲ့ လုပ်အားတွေရယ်၊ ပြည်သူထည့်ဝင်ငွေတွေရယ် အားလုံးပြီးအောင်ခင်းနိုင်ဖို့ ဆောင်ရွက်သွား မှာပါ"ဟု ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဝင်တစ်ဦးက ပြောသည်။
တုံးကြိတ်ကျေးရွာ၌ အခြေခံပညာမူလတန်းလွန်ကျောင်း တစ်ကျောင်းရှိပြီး ယင်းကျောင်းတွင် တုံးကြိတ်ကျေးရွာအပြင် အနီးနားမှ ညောင်အင်းကျေးရွာ၊ အင်းမကျေးရွာ၊ ထုံးဘိုကျေးရွာ၊ အလယ်ကျွန်း ကျေးရွာတို့မှ ကျောင်းသား၊ ကျောင်းသူများ မှီခိုတက်ရောက်ရပြီး ယင်းကွန်ကရစ် လမ်းဆောင်ရွက်ပြီးစီးပါက ကျောင်းသားကျောင်းသူများ၏ ပညာရေးကဏ္ဍ၊ ကျေးရွာပြည်သူများ ၏ ကျန်းမာရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများအတွက် များစွာအကျိုးပြုနိုင်မည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှုး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
(မြို့နယ် ပြန် /ဆက်)