ပဲခူး   ဇန်နဝါရီ   ၁

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ သမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်အနီး၊ ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ဝတ္တ‌ကမြေအတွင်း တည်‌ဆောက် ထားရှိသော ဗုဒ္ဓအသံဓမ္မဗိမာန်ကြီးအား မြန်မာမှုအနုပညာလက်ရာများဖြင့် ပြန်လည်မွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်း‌ ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး၏ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဗုဒ္ဓအသံဓမ္မဗိမာန်ကြီးအား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်အောင် ဦးဆောင်၍ ၁၉၉၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် မြေသန့်မင်္ဂလာပြုလုပ်ပြီး အောက်တိုဘာ ၂၇ ရက်တွင်  ပန္နက်တင်မင်္ဂလာ ပြုလုပ်ကာ အလျား ပေ ၂၄၀၊ အနံ ပေ ၁၅၀၊ အာစီ နှစ်ထပ်အဆောက်အအုံအဖြစ် ခန့်ငြားထည်ဝါစွာ တည်ဆောက်ခဲ့‌ခြင်း ဖြစ်သည်။

ယခုအခါ အဆိုပါဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးသည် နှစ်ပေါင်း ၂၆ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သောကြောင့် ဗိမာန်ကြီး၏ ဘုံဆင့်၊ ပြာဿဒ်၊ အမိုးသွပ်ပြားများ၊ မြန်မာမှု ပန်းခြူးပန်းနွယ် လက်ရာများ ပျက်စီး‌ဆွေးမြေ့ ယိုယွင်းခြင်းများ ဖြစ်ပေါ်လာသဖြင့် ရေရှည်ပြုပြင် ထိန်းသိမ်း‌ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၏ လမ်းညွှန်ချက်အရ လူမှုရေးရာဝန်ကြီး ဦးဆောင်သော ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ မြို့မိမြို့ဖများပါဝင်သည့် ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီကို ၂၀၂၁ ခုနှစ် ဧပြီ ၂၈ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြန်လည်မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး ပြန်လည်မွမ်းမံပြင်ဆင်မှုပြုလုပ်ခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၃၅၀၊ သာသနာ့ဗိမာန် ငွေစုစာအုပ်မှ ငွေကျပ်သိန်း ၁၀၀၊ တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာများနှင့် ပုဂ္ဂလိက အလှူရှင်များမှ လှူဒါန်းငွေကျပ် သိန်း ၅၅၀ ကျော်၊ စုစုပေါင်းငွေကျပ် သိန်း ၁၀၀၀ ကျော်ဖြင့် အမိုးသွပ်များ အသစ်လဲလှယ်ခြင်းလုပ်ငန်း၊ မြန်မာမှုလက်ရာ ပန်းဆွဲများ အသစ်လဲလှယ် တပ်ဆင်ခြင်းလုပ်ငန်း၊ ဗိမာန်တော်အပြင်နံရံ ဆေးသုတ်ခြင်းလုပ်ငန်း၊ ဗိမာန်တော် မြေညီထပ် မြန်မာမှုလက်ရာ ပန်းတမော့များ ပြုလုပ်ခြင်းလုပ်ငန်း၊ ဗိမာန်အတွင်း အာစီတိုင်များ ပိုမိုခိုင်ခန့်လှပအောင် ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်း စသည့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ ယခုအခါ ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ရှေ့ဆက်လက်၍လည်း ဗိမာန်ကြီး၏ ‌ရှေ့မျက်နှာစာ မြေဖို့ခြင်းလုပ်ငန်း၊ ပန်းအလှစိုက်ခင်း ဆောင်ရွက်ခြင်း လုပ်ငန်း၊ အုတ်တံတိုင်းခြံစည်းရိုး လုပ်ငန်းဆောင်ရွက်ခြင်း၊ ဗိမာန်ကြွေပြား ခင်းခြင်းလုပ်ငန်း၊ ဗိမာန်အရှေ့/အနောက် မျက်နှာစာ မြန်မာမှုလုပ်ငန်းများဆောင်ရွက်ခြင်း လုပ်ငန်း၊ ဗိမာန်အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်နံရံများ ဆေးသုတ်ခြင်းလုပ်ငန်း စသည့် လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဗုဒ္ဓအသံဓမ္မဗိမာန်ကြီး စတင်တည်ဆောက်ပြီးစီးသည့်ချိန်မှစတင်၍ ဗိမာန်ကြီးအတွင်း၌ တရားပွဲများ၊ ဘာသာရေးပွဲများ၊ လူမှုရေး အခမ်းအနားများ၊ ဓမ္မာစရိယ၊ ပါဋိပထမပြန်၊ နိကာယ်၊ ဝိနိယတံခွန် စသည့် စာမေးပွဲများဖြေဆိုရာ နေရာအဖြစ် လက်ခံကျင်းပနိုင်ခဲ့သည့်အပြင် စာအောင်သံဃာများ ပူဇော်ပွဲ ပြုလုပ်ရာတွင်လည်း အသုံးပြုလျက်ရှိသည့်အတွက် ပဲခူးမြို့ဂုဏ်ဆောင် ဗိမာန်ကြီးတစ်ခု ဖြစ်ကြောင်းလည်း သိရှိရသည်။

တင်စိုး(ပဲခူး)