စစ်တွေ   ဇန်နဝါရီ   ၁

ရခိုင်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး တော်ဝင်သဇင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်အမှာစကားပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက “ဥပဒေပညာရှင် ဥပဒေအရာရှိများသည် မိမိတို့ တာဝန်ထမ်းဆောင်ရာ အဆင့်အလိုက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက ဥပဒေအကြံဉာဏ် တောင်းခံသော ကိစ္စများမှာ မှန်ကန်မြန်ဆန်စွာ အကြံပေးကြပါ၊ တရားဥပဒေ စိုးမိုးရေးအတွက် ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ပြစ်ဒဏ်ကျခံစေရန်၊ အမှုလိုက်ပါ ဆောင်ရွက်ရာတွင် ဆန္ဒ၊ ဘယာ၊ လောဘ၊ ဒေါသဟူသော အဂတိတရား(၄)ပါးကင်းရှင်းစွာနှင့် ဆောင်ရွက်ပြီး နိုင်ငံ့အကျိုး၊ ပြည်နယ်အကျိုးကို ထမ်းဆောင်ရွက်သယ်ပိုးသော ဥပဒေအရာရှိ ကောင်းများ ဖြစ်ကြပါစေကြောင်း” ပြောကြားသည်။

ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးက အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့အား ပြည်နယ်ဥပဒေအရာရှိ ဦးဝင်းမောင်က ဥပဒေစာအုပ်များ လက်ဆောင် ပေးအပ်သည်။ ထို့နောက် ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများ လုပ်ငန်းညှိ နှိုင်းအစည်း အဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။ 

တင်ထွန်း(ပြန်/ဆက်)