ပဲခူး ဇန်နဝါရီ ၂

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားအ‌နောက်ဘက်မုခ်အနီးရှိ ယာဉ်ရပ်နားကွင်းတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီ (၁)ရက် ညပိုင်းက နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် ပထမနေ့ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများ၊ တရားနာပရိသတ်များ လာရောက်ကြပြီး နိုင်ငံတော် သံဃမဟာနာယက၊ သ.စ.သ.အ ဓမ္မာစရိယ၊ B.A(Myanmar)Q.PhD(India). မဟာဂန္ထဝါစက ပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ ပဲခူးမြို့ သာမဏေကျော်စာသင်တိုက်များ၏ မဟာနာယကချုပ် ဆရာတော် ဒေါက်တာအရှင်ဝိစက္ခဏာလင်္ကာရာဘိဝံသမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များကိုယ်စား လူမှုရေးရာဝန်ကြီးဦးအောင်မင်းနှင့် ဥပဒေချုပ် ဦးခင်မောင်တင့်တို့က ဓမ္မပူဇာအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်အား ဇန်နဝါရီ(၂)ရက် ဒုတိယနေ့တွင် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇဓမ္မာစရိယ  ဘဒ္ဒန္တဇနိတဆရာတော်မှလည်းကောင်း၊ ဇန်နဝါရီ(၃)ရက် တတိယ‌နေ့တွင် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ ပဲခူးမြို့ သာသနမဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇဓမ္မာစရိယ  ဘဒ္ဒန္တသုန္ဒရ ဆရာတော်မှလည်းကောင်း ညစဉ်(၆:၃၀)နာရီအချိန်မှစတင်၍ မြတ်ဗုဒ္ဓ ဆိုဆုံးမ‌ ဟောပြောခဲ့သည့် တရား‌‌တော်များကို ဟောကြားပြီး တရားအလှူပေးလှူကြမည်ဖြစ်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)