နေပြည်တော်၊ ဇန်နဝါရီ - ၂
PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည် မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော စာသင်ကျောင်းများကိုလည်း မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ လုပ်ဆောင် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်၊ (၇/အရှေ့) ရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်းအနီး လက်လုပ်မိုင်း များဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့သည်။
ထိုသို့ ဖောက်ခွဲမှုကြောင့် ခြံစည်းရိုးအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာအား လုံခြုံရေး တပ်ဖွဲ့ဝင်များက သွာရောက်စစ်ဆေးခဲ့ရာ လက်လုပ်မိုင်း ပေါက်ကွဲထားသည့် PVC ပိုက်အပိုင်းအစများ တွေ့ရှိရပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာနှင့် ပေ ၂၀ ခန့်အကွာတွင် PVC ပိုက် ၁ ခု နှင့် ကီးပက်ဖုန်း ၁ လုံးတို့အား ဝါယာကြိုးဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်