ရန်ကုန် ဇန်နဝါရီ  ၃

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့်အဖွဲ့သည် ယနေ့ နံနက် ၇ နာရီတွင်  ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ (Final Disposal Site - FDS) သို့ရောက်ရှိပြီး တာဝန်ရှိသူများကို အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲရေးကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် နည်းပညာအသုံးပြုမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာတွင် စီးပွားရေးလုပ်ငန်းရှင်များမှ အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲရေးအား တာဝန်ယူ ဆောင်ရွက်နေသည့်နည်းတူ ထိန်ပင် နောက်ဆုံးအမှိုက်ပုံကိုလည်း စွမ်းအင်ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းရှင်များစွာမှ စိတ်ပါဝင်စားစွာ လာရောက်လေ့လာသည်ကို တွေ့ရှိရသဖြင့် Feasibility Study ဖြစ်နိုင်ခြေ လေ့လာမှုများ ဆောင်ရွက်နိုင်ရန် အားပေးစီစဉ်သွားရမည်ဖြစ်ကြောင်း၊  အမှိုက်စွန့်ပစ်မှု လျှော့ချနိုင်ရေးအတွက် ပြည်သူများကို Awareness Campaign  အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ထိန်ပင် FDS အတွင်း မီးသတ်ရေငုတ်တိုင်များ အသုံးပြုနေမှု၊ မြေအောက်ရေမှ Sedimentation ၊ Iron နှင့် Carbon အဆင့်ဆင့်သန့်စင်၍ တစ်နာရီလျှင် ရေဂါလံ ၆၂၀၅၀ သန့်စင်ပေးသော သံဓာတ်ဖယ်ရှားသည့်စနစ် တပ်ဆင်ထားရှိမှု၊ အလျား ပေ ၉၆၀ ၊ အနံ ပေ ၈၈၀ ၊ အနက် ၁၁ ပေရှိပြီး ရေဂါလံ ၅၈ သန်း သိုလှောင်နိုင်သည့် မိုးရေစုကန် ထိန်းသိမ်းထားမှုနှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ထားရှိမှု၊ မိုးရေစုကန်မှ တစ်နာရီလျှင် ရေဂါလံ ၆၅၀၀၀ ခန့် ပေးပို့နိုင်သော  90 kW ရေတင်စက်ဖြင့် မီးသတ်ရေငုတ်များသို့ သွယ်တန်းပေးပို့နေမှု၊ FDS ပတ်လမ်းအတိုင်း အမှိုက်သယ်ယာဉ်များနှင့် ယန္တရားများဝင်ထွက်၍ အမှိုက်များ စနစ်တကျ စုပုံနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီတွင် ဒဂုံဧရာအဝေးပြေးယာဉ် ရပ်နားစခန်းသို့ သွားရောက်၍ အနောက်ပတ်လမ်းနှင့် ကျုံပျော်လမ်းအကြား အရှည်ပေ ၁၀၀၀၊ အကျယ် ပေ ၉၀ သဲဖို့ မြေပြုပြင်ဆောင်ရွက်နေမှုနှင့် ဆက်စပ်လမ်းများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ် ကားလမ်းမဘေး ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် အဝင်လမ်းသို့ သွားရောက်၍ မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး စီမံကိန်းဝင်းအတွင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်း မှု)မှ ဆောင်ရွက်နေသော အလျား ပေ ၄၀ ၊ အနံ ပေ ၄၀ ၊ အနက် ၁၀ ပေ ရေဂါလံ တစ်သိန်းဆန့် ရေစုကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်