နေပြည်တော် ဇန်နဝါရီ ၃

 

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီ ပထမအကြိမ် အစည်းအဝေးကို           ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက UNESCO သည် ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) အစီအစဉ်ကို ၂၀၀၁ တွင်စတင်ခဲ့ပြီး လက်ရှိ နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် ၁၆၉ ခု ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရန် အလားအလာကောင်းများ ပိုင်ဆိုင်သည့် နေရာ အများအပြား ရှိသည့်အနက် ပုပ္ပါးတောင်ဒေသသည် အလားအလာ အကောင်းဆုံး ဖြစ်ကြောင်း၊ ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်အဖြစ် အမည်စာရင်းအဆိုမပြုမီ အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဦးစွာသတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပုပ္ပါးတောင်ဒေသ အမျိုးသားအဆင့် ဘူမိဥယျာဉ်ကို ဘူမိနယ်မြေ (Geosite) (၁၅) နေရာဖြင့် အဆိုပြု သွားမည်ဖြစ်ပြီး ယင်းနေရာများတွင် မီးတောင်ကျောက်မျိုးများ၊ ချော်ကျောက်များ၊ အင်ကြင်းကျောက်မျိုးများ၊ ကျောရိုးရှိသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ဇီဝမျိုးစုံမျိုးကွဲများစွာကို တွေ့ရှိလေ့လာနိုင်မည့်အပြင် ဒေသခံများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးထမ်းများကိုလည်း လေ့လာနိုင်မည် ဖြစ်ကြောင်း။

 

အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဖော်ထုတ်ဆောင်ရွက်နိုင်မည်ဆိုပါက ဘူမိခရီးသွားလာရေး Geotourism လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေပြီး အဆိုပါဒေသများအား တန်ဖိုးထား ကာကွယ်ထားမှုကို လာရောက်သည့် ခရီးသွားဧည့်သည့်များအား ပြသနိုင်မည့်အပြင် နောင်လာ နောက်သားများအတွက်လည်း အတုယူစရာ ဖြစ်လာစေမည် ဖြစ်ကြောင်း၊  ကမ္ဘာ့ဘူမိဥယျာဉ်သည် ကျယ်ပြန့်သော နယ်မြေတစ်ခုကို လွှမ်းခြုံပြီး ထိန်းသိမ်းကာကွယ်မှု၊ သိမြင်နိုးကြားမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စသည့် ဒေါက်တိုင် (၃) ခုအပေါ် အခြေခံနေသည့်အတွက် သက်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ ပညာရပ်နှင့် သုတေသနဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှု ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပုပ္ပါးတောင်ဒေသကို အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်မှုကို ကော်မတီအတွင်းရေးမှူးကလည်းကောင်း၊ အမျိုးသားအဆင့် ဘူမိဥယျာဉ် အဆိုပြုလွှာမူကြမ်းကို မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၊ ဥက္ကဋ္ဌကလည်းကောင်း ရှင်းလင်း တင်ပြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြကြပြီး၊ တင်ပြချက်များအပေါ် လေ့လာသုံးသပ်ခြင်း၊ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခြင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းများကို ဆောင်ရွက် သည်။

 

အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး UNESCO အမျိုးသားကော်မရှင်နှင့် မြန်မာနိုင်ငံဘူမိ သိပ္ပံအသင်းအဖွဲ့ ဝင်များက Virtual စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်