နေပြည်တော် ဇန်နဝါရီ  ၃

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ကျန်းမာရေးဝန်ကြီးဌာန Covid-19 Central Command Centre အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၏ နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် အပိုင်း (ခ) (၆/၂၀၁၈) နှင့် နောက်ဆုံးနှစ်ဘီဒီအက်စ် (၁/၂၀၁၉) (နောက်ဆက်တွဲ) သင်တန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အောင်မြင်သူများအား အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ချထားပြီးဖြစ်ပါကြောင်း၊ ဒုတိယနှစ် အမ်ဘီဘီအက်စ် (၁/၂၀၁၉)၊ တတိယနှစ် အမ်ဘီဘီအက်စ် (၆/၂၀၁၉) နှင့် နောက်ဆုံးနှစ်အမ်ဘီဘီ အက်စ်အပိုင်း (က) (၆/၂၀၁၉) (နောက်ဆက်တွဲ) သင်တန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး စာမေးပွဲများစစ်ဆေးရန် စီစဉ်ထားပါကြောင်း။

 

ဆက်လက်၍ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို စဉ်ဆက်လေ့ကျင့် မွေးထုတ်နိုင်ရေးအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များ၏ နောက်ဆုံးနှစ် (ဘွဲ့ကြို) သင်တန်းများအားလုံး ကိုလည်း ဇန်နဝါရီ ၆ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်များပြန်လည် ဖွင့်လှစ်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ပါမောက္ခချုပ်များနှင့် ညှိနှိုင်းဆွေးနွေးလိုပါ၍ အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊  နောက်ဆုံးနှစ်သင်တန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားတို့တွင် ကြေညာထားပြီးဖြစ်ပြီး မိမိတို့ ကျောင်းသား/သူများ ပိုမိုသိရှိစေရန်အတွက် ကျောင်းသားလက်ခံမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ထပ်ဆင့်ကြေညာပေးရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်များလည်း ဇန်နဝါရီ ၆ ရက်တွင် တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ကျောင်းသား/သူများအား ကျောင်းလာရောက် အပ်နှံချိန်တွင် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် တက္ကသိုလ်အလိုက် သက်ဆိုင်ရာမြို့နယ် ကုသရေး/ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် ညှိနှိုင်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ နောက်ဆုံးနှစ် သင်တန်းများသည် ဆေးလက်တွေ့ သင်ကြားရေးကိစ္စများ ပါဝင်နေသည့်အတွက် ကျောင်းသား/သူများ နေထိုင်ရေး၊ စာသင်ခန်းများ ကောင်းမွန်စွာ ပြင်ဆင်ထားရှိရေးနှင့် လုံခြုံရေး ကိစ္စရပ်များတွင် အစစအရာရာ အဆင်ပြေ ချောမွေ့စေရေးအတွက် သက်ဆိုင်ရာ သင်ကြားရေးဆေးရုံကြီးများ၏ ဆေးရုံအုပ်ကြီးများနှင့် ညှိနှိုင်းပေးရန် လိုအပ်ပါကြောင်း။

 

 

ကျောင်းသား/သူများ၏ စာသင်ကြားလိုမှု၊ ကျောင်းတက် ရောက်လိုမှုများကို တက္ကသိုလ်နှင့်ဆေးရုံများရှိ သင်ကြားရေး ဆရာဆရာများမှ ဝိုင်းဝန်းပံ့ပိုးကူညီပေးစေလိုကြောင်း၊ အမြင်ကျယ်ကျယ် သတိရှိရှိ သင်တန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊  ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း နောက်ဆုံးနှစ်သင်တန်း တက်ရောက်အောင်မြင်ပြီးဆုံးပါက မကြာမီအချိန်တွင် ဆရာဝန် ပညာရပ်ဖြင့် အသက်မွေးဝမ်း‌ကျောင်း ပြုနိုင်မည်ဖြစ်ကာ နိုင်ငံတော်အကျိုး၊ မိဘပြည်သူများအကျိုးကို သယ်ပိုးနိုင်မည်ဖြစ်သဖြင့် သင်တန်းပြီးဆုံးအောင် မပျက်မကွက် တက်ရောက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။    

 

ထို့နောက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က  နောက်ဆုံးနှစ် (ဘွဲ့ကြို) သင်တန်းများ အဆင်ပြေချောမွေ့စွာ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားသည့်ကိစ္စ ၊ လုံခြုံရေးဆိုင်ရာ၊ သင်ကြားရေးဆိုင်ရာကိစ္စနှင့် ဆရာအင်အား ခန့်ထားရေးဆိုင်ရာကိစ္စနှင့် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြောကြားခဲ့ပြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က  သင်တန်းများ ပြန်လည်ဖွင့်လှစ်ရာတွင် လိုအပ်မည့်ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံ ကျန်းမာရေး တက္ကသိုလ်၊ မကွေးနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များက ဘွဲ့ကြို သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်