ရန်ကုန် ဇန်နဝါရီ


(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ကာယဗလ မောင်/မယ်များ၏ လက်ရည်စစ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မင်္ဂလာတောင်ညွန့်မြို့နယ် မြို့တော်စည်ပင်အားကစားဝင်းရှိ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ကာယဗလလေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။

ရှေးဦးစွာ (၇၀)ကီလိုအောက် ကာယဗလမောင်ပြိုင်ပွဲ၊ (၇၀)ကီလိုအထက် ကာယဗလမောင်ပြိုင်ပွဲ၊ ကာယဗလမောင်များ အလွတ်ပြိုင်ပွဲ၊ အမျိုးသမီးကာယဗလမယ် ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး စုံတွဲပြိုင်ပွဲများတွင် အားကစားသမားများက ကိုယ်ဟန်ခုနှစ်မျိုးနှင့် တစ်ဦးချင်း စိတ်ကြိုက်နောက်ခံ တေးဂီတဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲအပြီးတွင် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်ရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဥပဒေချုပ် ဦးဌေးအောင်နှင့် အဖွဲ့ချုပ်ဥက္ကဌ ဒုတိယမြို့တော်ဝန် ဦးညီညီတို့က ပြိုင်ပွဲအလိုက် ဆုရရှိသည့် အားကစားသမား ကာယဗလ မောင်/မယ်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်သို့ ထောက်ပံ့ငွေများ ပေးအပ်ရာ အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်သန်းက လက်ခံရယူသည်။

ထို့နောက် မြို့တော်ဝန်နှင့်ဝန်ကြီးများက အားကစားသမား ကာယဗလမောင်/မယ်များအား ရင်းနှီးစွာ တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး တစ်ဦးချင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။

အဆိုပါကာယဗလမောင်မယ်များသည် ဗီယက်နိုင်ငံ၌ ၂၀၂၂ ခုနှစ် မေလတွင် ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေတောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့် နေကြခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)