ဂျေရုဆလင် ဇန်နဝါရီ ၅
အစ္စရေးနိုင်ငံသည် ဇန်နဝါရီ ၉ ရက်မှစတင်ကာ နိုင်ငံအများစုမှ နိုင်ငံခြားခရီးသွားများကို အစ္စရေး နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုရန် အစီအစဉ် ရှိသည်ဟု သိရသည်။
အစ္စရေးနိုင်ငံသည် နိုဝင်ဘာလနှောင်းပိုင်းမှ စတင်ကာ နိုင်ငံခြားခရီးသွားများ နိုင်ငံအတွင်း ဝင်ရောက်မှုကို ပိတ်ပင်ခဲ့သည်။ ကမ္ဘာအနှံ့အပြား၌ အိုမီခရွန် ကူးစက်မှုများ များပြားလာစဉ် ယင်းကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပိတ်ပင်ထားမှုကို ဇန်နဝါရီ ၉ ရက်မှ စတင်ကာ ဖယ်ရှားပေးမည်ဟု အစ္စရေး ကျန်းမာရေး အာဏာပိုင်များက ဇန်နဝါရီ ၃ ရက်တွင် ပြောသည်။ ကိုဗစ် - ၁၉ ကူးစက်မှုအလယ် အလတ်ရှိသည့် နိုင်ငံများမှ ကာကွယ်ဆေးအပြည့်ထိုးထားသူများနှင့် မကြာသေးမီအတွင်းကမှ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည်နာလန်ထူလာသူများကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပေးမည်ဟု အစ္စရေးကျန်းမာရေး အာဏာပိုင်များက ပြောသည်။
အစ္စရေးနိုင်ငံတွင် နိုင်ငံခြား သား ဝင်ရောက်မှုကို ပိတ်ပင်ထား သော်လည်း နေ့စဉ်ကူးစက်မှုများမှာ များပြားနေဆဲဖြစ်သည်။ ဇန်နဝါရီ ၂ ရက်တွင် နေ့စဉ် ကူးစက်မှုမှာ ၆၀၀၀ အထိ ရှိခဲ့သည်။ ယင်းပမာဏမှာ စက်တင် ဘာလမှစတင်ကာ အများဆုံး ပမာဏပင်ဖြစ်သည်။ သို့သော်လည်း အစ္စရေး အစိုးရသည် တင်းကျပ်သည့် လူမှုဝေးကွာ အစီအစဉ်များနှင့် စီးပွားရေး ကန့်သတ်ချက်များ ပြန်လည်ချမှတ်ခြင်းကို ရပ်တန့်ပေးခဲ့သည်။
ယင်းအစား အသက် ၆၀ နှင့်အထက်များ၊ ကျန်းမာရေး ဝန်ထမ်းများကို စတုတ္ထအကြိမ် ကာကွယ်ဆေး ထိုးပေးခဲ့သည်။
အင်န်အိတ်ချ်ကေ