ကသာ ဇန်နဝါရီ ၅
ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ရာသီဥတုအလိုက် နေရပ်အမျိုးမျိုးပြောင်းရွှေ့ နေထိုင်ကျက်စားလေ့ရှိသော မြီးညှောင့်ငှက်များ ရေစပ်နှင့် လစိမ့်မြေနွံအိုင်ပေါက်တောများ၌ တွေ့ရှိရမှု များလာကြောင်း သိရသည်။
အဆိုပါငှက်မှာ ရှည်လျားသော အမြီးကိုအမြဲလှုပ်ရှားနေသောကြောင့် မြီးညှောင့်ငှက်ဟု ခေါ်ကြသည်။ ကိုယ်ထည်အလျား ခုနစ်လက်မခန့်ရှိသော အကောင်ငယ် ငှက်မျိုးဖြစ်ပြီး အဖြူအမည်းနှင့် မွဲပြာရောင်အဆင်းရှိ၍ နှုတ်သီးအောက်အမွေးဖြူပြီး သပိတ်လွယ်ငှက်ကဲ့သို့ အမည်းကွက်နှင့် ဝမ်းဗိုက်အောက်ပိုင်း အမြီးနားအထိ ဖွေးဖြူနေသော အမွေးများပါရှိကာ လှပသော ငှက်တစ်မျိုးဖြစ်သည်။
ရေစပ်အနီး၌ လမ်းလျှောက်ကာ အမြီးကို အထက်အောက်အဆက်မပြတ် လှုပ်ရှားသွားလေ့ရှိသည်။ မြက်ခင်းပြင်များနှင့် စိုက်ပျိုးရေးကွင်းများ၊ မြစ်၊ ချောင်း ရေစပ်များတွင် အစားရှာဖွေ စားသောက်လေ့ရှိသည်။ သစ်ပင်များအပေါ် နားနေခြင်းမတွေ့ရဘဲ မြစ်ချောင်းရေစပ် တံတားထိပ်များ၌ ရပ်နားနေတတ်ကြသည်။
ဆောင်းရာသီကာလတွင် ရွှေ့ပြောင်းတတ်သောကြောင့် ဧည့်သည် ငှက်မျိုးဖြစ်သည်။ အသိုက်လုပ်ချိန်ကာလတွင် အပင်အမြစ်အမျှင်များ၊ မြက်ခြောက်များဖြင့် ကျောက်တုံးကျောက်ခဲများ အောက်၌ ခွက်နေသောနေရာများတွင် ပန်းကန်လုံးပုံသဏ္ဌာန်အသိုက်လုပ်၍ နေလေ့ရှိပြီး ချုံပုတ်၊ ကျူပင်များပေါက်ရာနေရာနှင့် သဲသောင်ပြင်တွင်လည်း အသိုက်လုပ် နေထိုင်တတ်ကြောင်း သိရသည်။
ငွေအိုး(ကသာ)