ရေတာရှည် ဇန်နဝါရီ   ၅

ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် သိုင်းဝကျေးရွာအုပ်စု ဥယျာဉ်မှူးကျေးရွာအနီးရှိ ဆွာချောင်းရေလှောင်တမံမှ ၂၀၂၁၂၀၂ ခုနှစ် နွေစပါးရာသီအတွက် ဧက ၉၀၀၀ ကျော် လျာထား၍ ဒီဇင်ဘာ ၁၀ ရက်တွင် ရေပေး လက်တံမြောင်း အမှတ် ၂ မှ ရေများ စတင်ပေးခဲ့ပြီး ယခုအခါ ဆည်ရေဖြင့် စပါးများစတင် စိုက်ပျိုးနေကြပြီဖြစ်သည်။ ရေ ပေးလက်တံမြောင်း အမှတ် ၂ နှင့် မြောင်းခွဲ(၁) ရေသောက် ဧရိယာ များ၌ ပါဝင်သော သိုင်းဝ၊ ကွင်းကြီး၊ ကုန်းကြီး၊ ဆွာမင်းလမ်း၊ သပြေတန်း၊ ညောင်ပင်သာ၊ ကွမ်းအုံ၊ ဒိုးတန်းကျေးရွာအုပ်စု များရှိ စိုက်ပျိုးဧက ၉၀၀၀ ကျော် ကို လျာထားခြင်းဖြစ်သည်။ နွေစပါးစိုက်ပျိုးရန်ထယ်ရေး ပြုပြင်ရာတွင် ထွန်စက်၊ လက်တွန်း ထွန်စက်ငယ်များကို အဓိကသုံးစွဲကြပြီး လက်ရှိစက်သုံးဆီဈေးနှုန်းကြောင့် ထွန်စက်ဖြင့် ငှားရမ်းအသုံးပြုရာ၌ တစ်ဧကလျှင် ငွေကျပ် ၂၅၀၀၀ ပေးရသဖြင့် ယခင်နှစ်ကထက် ၇၀၀၀ ခန့် ဈေးမြင့်သွားခဲ့ခြင်း ဖြစ်သည်။ အလားတူ ထယ်ထိုးပြီးသည့် လယ်ကွက်များကို စိုက်ထယ်ရေးမပြုလုပ်မီ လယ် ကန်သင်းများကို လယ်ယာ လုပ်သားများ ငှားရမ်း၍ ကန်သင်းပြုပြင်ခြင်း၊ လယ်ကြားမြောင်းများ ဆယ်ယူခြင်း၊ ပေါင်းမြက် ကိုင်ရမ်းခြင်း၊ စပါးကြဲခြင်းတို့ အတွက် မဖြစ်မနေငှားရမ်း လုပ်ကိုင်ကြရသည့် အားလျော်စွာ ကုန်ကျစရိတ်မှာ ယခင်နှစ်ကထက် ပို၍ကုန်ကျမှုများပြားကြောင်း တောင်သူများထံမှ သိရသည်။

“ဒီနှစ် ရေအားကောင်းတော့ တောင်သူတွေ အဆင်ပြေကြတယ်။ ဆည်မြောင်းဝန်ထမ်းတွေကလည်း နေ့တိုင်း ရေလိုက်ကြည့်နေတာ။ တောင်သူတွေရဲ့ လိုအပ်ချက်ကို ချက်ချင်းဆောင်ရွက် ပေးနိုင်တာတွေလည်း ရှိတယ်။ ကုန်ကျစရိတ်တွေက အရင်နှစ်တွေထက်များတယ်” ဟု မင်းလမ်း ကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။

နွေစပါး စိုက်ပျိုးကြသည့် တောင်သူများသည် သုံးလသက်တမ်း သက်လျင်စပါးမျိုးများဖြစ်သော ထိုင်းနှံကောက်မျိုးကို အဓိကစိုက်ပျိုးကြပြီး ရက် ၁၂၀ သက်တမ်းရှိ ရတနာတိုး၊ လျော့ထွန်းမျိုးအချို့ကို စိုက်ပျိုးကြသည်ကို တွေ့ရသည်။ နွေစပါး စိုက်ပျိုးပြီး တစ်လသားရောက်လျှင် ဓာတ်မြေဩဇာကြဲပက် ကြရသည်ဖြစ်ရာ ယခုလက်ရှိ ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲရန် အခက်အခဲများစွာ ရှိနေကြခြင်းဖြစ်ပြီး အခြားသော ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးသွင်းအားစု ဈေးနှုန်းများ ကျဆင်းမှသာ အဆင်ပြေနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ကိုလွင် (ဆွာ)