တိုကျို ဇန်နဝါရီ ၅

ဂျပန်နိုင်ငံအနေဖြင့် အဆိုးရွားဆုံးဖြစ်ပေါ်လာနိုင်သည့် ကူးစက်ရောဂါအခြေအနေနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ကီရှီဒါကပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ကီရှီဒါသည် ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ ရပ်တန့်ရန် မည်သို့လုပ်ဆောင်မည် ဆိုသည်နှင့်စပ်လျဉ်း၍လည်း နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် အထူးသဖြင့် ကျန်းမာရေး အဖွဲ့အစည်းအား အကာအကွယ် ပေးရန်အတွက် အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ဆေးရုံတက်ရောက်ကုသနေရမှု များအတွက် လိုအပ်ချက်များကို ပြန်လည်သုံးသပ်ရန်လည်း သန္နိဋ္ဌာန်ချခဲ့ကြောင်း သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုတိုက်ဖျက်ရေးသည် အစိုးရ၏ အဓိကဦးစားပေး လုပ်ငန်းဖြစ်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းများ ဖြေလျှော့ခြင်းနှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းတို့ကို ဂရုတစိုက်စဉ်းစားလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ကီရှီဒါက ပြောကြားသည်။

“ထို့ကြောင့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါသည် ယခုလ ၁၇ ရက်တွင် စတင်မည့် ပုံမှန်လွှတ်တော် အစည်းအဝေးမစတင်မီ စီစဉ်ထားသည့် နိုင်ငံခြားခရီးစဉ်များကိုလည်း ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ