ဇန်နဝါရီ ၅
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားလာသောကြောင့် စနေ၊ တနင်္ဂနွေပိတ်ရက်တွင် နေအိမ်မှာပင် နေထိုင်ရန်ဟူသော ကန့်သတ်ချက်ကို ချမှတ်မည်ဟု မြို့တော်အာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ၂၀၂၁ ခုနှစ်ကုန်ပိုင်းကစတင်ကာ ကိုဗစ်ကူးစက်မှုများမြင့်မားလျက် ရှိသည်။
မြို့တော်တွင်နေထိုင်သူများအနေဖြင့် ယခုသီတင်းပတ်မှစတင်ကာ မဖြစ်မနေလုပ်ဆောင်ရမည့် အခန်းကဏ္ဍများတွင် လူမှုရေးလုပ်ငန်းဆက်လက်ဆောင်ရွက်မည့်သူများမှတစ်ပါး စနေ၊ တနင်္ဂနွေနေ့များတွင် နေအိမ်မှာပင်နေထိုင်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။
ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာလုပ်ငန်းနှင့် ရေ၊ လျှပ်စစ်ဓာတ်အား စသည့်ဝန်ဆောင်မှုလုပ်ငန်းတို့တွင် လုပ်ကိုင်နေသူများမှလွဲ၍ အစိုးရဝန်ထမ်းအားလုံးတို့သည် နေအိမ်မှပင် အလုပ်လုပ်ဆောင်ရမည် ဖြစ်သည်။
ပုဂ္ဂလိကကုမ္ပဏီများသည်လည်း ရုံးသို့လာရောက် အလုပ်သမားအချိုးကို ၅၀ ရာခိုင်နှုန်းသာ ကန့်သတ်သင့်သည်။
နိုင်ငံတစ်ဝန်းတွင် မေလက ကိုဗစ်ရောဂါ နေ့စဉ်ကူးစက်မှု ၄၀၀၀၀၀ ကျော်ရှိခဲ့သည်။ သို့ရာတွင် နှစ်ကုန်ပိုင်းရောဂါကူးစက်မြင့်မားမှုစတင်မဖြစ်ပွားမီ ရောဂါကူးစက်ခံရသူဦးရေ လျော့ကျခဲ့သည်။
ဇန်နဝါရီ ၄ ရက်က ကိုဗစ်ရောဂါ ကူးစက်ခံရသူဦးရေ ၃၇၀၀၀ ကျော်ရှိသည်။ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူပေါင်း ၁၈၉၂ ဦးရှိသည်။
အိန္ဒိယအစိုးရက အသက် ၁၅ နှစ်မှ ၁၈ နှစ်အရွယ်ရှိသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုစတင် လုပ်ဆောင်ခဲ့သည်။
ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား လာမည့်သီတင်းပတ်တွင် ကိုဗစ်ကာကွယ်ဆေးတတိယအကြိမ်ထိုးနှံမှုကို စတင်လုပ်ဆောင်ရန် အစိုးရက စီစဉ်ထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို