နေပြည်တော်   ဇန်နဝါရီ   ၅

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က “နေပြည်တော်အတွင်း ဦးစားပေး မြှင့်တင်မည့် ကဏ္ဍများတွင် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖိတ်ခေါ်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို အလေးထား၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်” ပြောကြားသည်။

ထို့နောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူ၏ လုပ်ငန်းဆောင်ရွက်မှုတင်ပြချက်များ၊ ကော်မတီ အဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးပြောကြားပြီး အစည်းအဝေးမှ နေပြည်တော်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုမိန့် ထုတ်ပေးရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်