ရန်ကုန် ဇန်နဝါရီ ၅
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် ၆ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့် အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ခရိုင်အတွင်းရှိ ပုဂ္ဂလိကပိုင်နှင့် အစိုးရ ဌာနဆိုင်ရာပိုင် မရွှေ့မပြောင်းနိုင်သော မြေနှင့် အဆောက်အအုံများအပေါ် သတ်မှတ်သော ရာခိုင်နှုန်းဖြင့် ပစ္စည်းခွန် စည်းကြပ်ခြင်းလုပ်ငန်း ဝန်ဆောင်မှုပေးနိုင်ရန် ရာပြတ်ဌာန၏ ခရိုင်ရုံးခွဲ ထားရှိဆောင်ရွက်နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ပတ်လမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်၌ ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း လူကူးသစ်သားတံတား ပြန်လည်ပြုပြင် ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် လူကူးတံတားအတိုင်း တေဇာဒီပကျွန်းသို့ သွားရောက်၍ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ကန်တော်ကြီးအတွင်း အမှိုက်များ မရှိအောင် ကန်ပတ်လမ်းမှ ဝင်ရောက်သည့် ဖြတ်မြောင်း နှာပေါက်များ ရှင်းလင်းရန်၊ တံတားကြမ်းခင်းများ ကြံ့ခိုင်ရေးအတွက် ပေါက်ပြဲသည့်နေရာများ ဖာထေးရန်၊ လူကူးတံတားနှင့် ကန်ရေပြင်အတွင်း ကျရောက်သည့် ရွက်ကြွေများနှင့် အမှိုက်များရှင်းလင်းရန်၊ လူကူးတံတားပေါ်မှ အညစ်အကြေးများ နေ့စဉ် ဆေးကြောသန့်စင်ရန်၊ အမှိုက်များ စနစ်တကျစွန့်ပစ်မှုရှိစေရေး အမှိုက်ပုံးများ ထားရှိရန်၊ သစ်ရွက်အမှိုက်များ စွန့်ပစ်ခြင်းမပြုဘဲ မြေဩဇာပြုလုပ်ရန်၊ ကန်ရေပြင် သန့်ရှင်းရေးအတွက် Aeration ကောင်းအောင် ရေပန်းများ ဖွင့်ထားရန်၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သူများ၏ စက်ဘီးများ စနစ်တကျ ထားရှိနိုင်ရေးနေရာ ဆောင်ရွက်ရန်တို့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်