မော်လမြိုင် ဇန်နဝါရီ ၆
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍကို နိုင်ငံတကာနှင့်အညီ အဆင့်မြင့်မား တိုးတက်စေရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၆ ရက်မှ စတင်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပေးရာ မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်တွင်လည်း ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
မော်လမြိုင်တက္ကသိုလ်တွင် နေ့သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာ၌ စတုတ္ထနှစ် ဥပဒေပညာ (ဒုတိယနှစ်ဝက်) သင်တန်းတွင် ၁၅၂ ဦး၊ မဟာအရည်အချင်းစစ် သင်တန်းတွင် ၆၃ ဦး၊ တတိယနှစ် ဂုဏ်ထူးတန်းသင်တန်းတွင် ၄၁ ဦး၊ မဟာတန်း ပထမနှစ် (ဝိဇ္ဇာ၊ သိပ္ပံ) သင်တန်းတွင် ၇၉ ဦး၊ မဟာတန်း ဒုတိယနှစ် (ဝိဇ္ဇာ၊ သိပ္ပံ) သင်တန်းတွင် ၃၃ ဦးတို့က ဘာသာရပ်အလိုက် တက်ရောက်သင်ကြားကြမည်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ပေးမည်ဖြစ်သည်။
“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့် ပညာရေးဆောင်ပုဒ်နှင့်အညီ မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်သည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ် နိုင်ငံတော်မှ အားထားရသည့် မျိုးဆက်သစ် လူငယ်၊ မောင်မယ်များစွာ ပေါ်ထွက်လာစေရေး မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)