ရန်ကုန် ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်အတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် မြို့သစ်ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်း၊ မြို့သစ် (က/ခ)ရပ်ကွက် မြို့သစ်ဈေးအနီး မြောက်ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိပြီး ရုံးဝင်းအတွင်း သန့်ရှင်းသာယာရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ခရိုင်ရုံးခန်းများ ဖွင့်လှစ်၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် က-၇လမ်းရှိ အင်းစိန်မြို့သစ်ဈေးသို့ ရောက်ရှိပြီး ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေမှုနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးကာ ဈေးရောင်း၊ ဈေးဝယ်သူများကို Mask များ ဝေငှပြီး ဖွင့်လှစ်ခြင်း မရှိသည့် ဈေးရုံများ၊ ဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ထားရန်၊ က-၇လမ်း ဈေးမျက်နှာစာရှိ အမှတ် (၃၂၈) အနှေးယာဉ် ဆိုက်ကားဂိတ်တွင် ဆိုက်ကားများ စနစ်တကျ ရပ်နားနိုင်စေရေး မြေနေရာ ပြုပြင်၍ ကွန်ကရစ်ခင်းကျင်းရန်၊ ယာဉ်ရပ်နားရန် နေရာများ သတ်မှတ်ပေးရန်၊ အဆိုပါလမ်းရှိ ရေမြောင်းနှင့် မြောင်းသွယ်များအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များ ဆယ်ယူ ရှင်းလင်းရန်နှင့် လမ်းပေါ်ရှိ ပျံကျဈေးသည်များကို ရှင်းလင်း၍ စနစ်တကျ နေရာချထားနိုင်ရေး စီစဉ်ရန် မှာကြားသည်။ယင်းနောက် အောင်ဆန်းမြို့ အောင်ဆန်တောရ တပ်ဦးကျောင်းတိုက်သို့ သွားရောက်၍ ကမ္ဘာ့ ဗုဒ္ဓသာသနာပြု အောင်ဆန်း ဆရာတော် အဂ္ဂမဟာ ကမ္မဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ သဒ္ဓမ္မ ကိတ္တိသာရ အမှူးပြု သော ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မ အလှူငွေတို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် မိုးကုတ်ကျောင်းလမ်းရှိ စဉ့်ငူအားကစားကွင်းသို့ ရောက်ရှိပြီး အားကစားကွင်းအား မြေညှိကာ မြေယာရှုခင်းပြုပြင်၍ အဆင့်မြှင့်တင်ရန်နှင့် အားကစားကွင်း ဝန်းကျင် သန့်ရှင်း သာယာ သပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်