ဇန်နဝါရီ ၆
တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူများ ကွာရန်တင်းဝင်ရောက်သည့် ကာလလျှော့ချခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးက ယမန်နေ့က ပြောကြားသည်။
ကွာရန်တင်းဝင်သူများအနေဖြင့် ခုနစ်ရက်ကြာပြီးနောက် လက္ခဏာပြသမှုမရှိပါက ကွာရန်တင်းဝင်သည့် ကာလပြီးဆုံးသည်ဟု ၎င်းကဆိုသည်။
သီးခြားခွဲနေထိုင်သည့် ငါးရက်မြောက်နေ့တွင် ကိုဗစ်ရောဂါကူးစက်မှုရှိ၊မရှိစစ်ဆေးရာ ကူးစက်မှုမရှိကြောင်း တွေ့ရှိပါက ကွာရန်တင်းဝင်သည့်ကာလပြီးဆုံးမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
လွန်ခဲ့သည့်သုံးလက ကိုဗစ်ရောဂါကူးစက်ခံရပြီးသူ (သို့မဟုတ်) ကိုဗစ်ကူးစက်ခံရသူသည် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးသူဖြစ်လျှင် ကွာရန်တင်းဝင်ရန် လိုအပ်မည်မဟုတ်ပေ။
ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုမခံယူရသေးသူများ (သို့မဟုတ်) ကာကွယ်ဆေးထိုးနှံပြီး သုံးလကြာရှိသူများ တွင်ကိုဗစ်ကူးစက်ခံရလျှင် ခုနစ်ရက် ကွာရန်တင်းဝင်ရမည် ဖြစ်သည်။
ယခင်ကဆိုလျှင် ကိုဗစ်ရောဂါကူးစက်ခံရသူများသည် ကွာရန်တင်း ၁၄ ရက်ကြာဝင်ရသည်။
အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရောဂါဖြစ်ပွားမှုမြင့်မားလာသော်လည်း ဆေးရုံတက်ကုသမှုမြင့်တက်ခြင်း မရှိသဖြင့် စိုးရိမ်စရာမရှိဟု တူရကီဝန်ကြီးကဆိုသည်။
အခြားကိုဗစ်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများထက် အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရသူသည် အနည်းငယ်သာ ဖျားနာနိုင်သည်ဟူသော အချက်ကို သက်သေပြရန် အချက်အလက် အလုံအလောက်မရှိသော်လည်း စိုးရိမ်စရာ လက္ခဏာမရှိကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို