ရန်ကုန်   ဇန်နဝါရီ   ၆

ရန်ကုန်မြို့၊ ဒဂုံမြို့နယ် သိင်္ဂုတ္တရကုန်းတော်၌ တည်ထားတော်မူသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်သို့ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြော်လျက်ရှိရာ ဇန်နဝါရီ ၄ ရက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဘုရားဖူးမြော်ကြည်ညိုချိန်ကို နံနက် ၅ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ပေးခဲ့သောကြောင့် လာရောက်ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသော ဘုရားဖူး ဧည့်သည်ဦးရေမှာ ၂၃၆၉၇ ဦးရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။
 
အစိုးရရုံးပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များအပါအဝင် အများပြည်သူ ရုံးပိတ်ရက်များ၌ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသူ များပြား လာသောကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၇ ရက်(စနေနေ့)မှစတင်၍ ဘုရားဖူးမြော်ကြည်ညိုချိန်ကို အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များအပါအဝင် အများပြည်သူ ရုံးပိတ်ရက်များအတွက် နံနက် ၅ နာရီမှ ည ၇ နာရီအထိ အချိန်သတ်မှတ် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းလည်းဖြစ်ပြီး ရုံးဖွင့်ရက်များအတွက် ဘုရားဖူးမြော်ချိန်ကို ပုံမှန်အချိန်အတိုင်း နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ဖွင့်လှစ် ပေးထားကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းထံမှ သိရသည်။(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၌ ဝင်ရောက်ဖူးမြော်ကြသော ဘုရားဖူးဦးရေ စာရင်းအရ သံဃာတော် ၂၄၉ ပါး၊ သီလရှင် ၂၁၂ ပါး၊ အမျိုးသား(ပြည်တွင်း) ၁၀၇၃၄ ဦး၊ အမျိုးသမီး(ပြည်တွင်း) ၁၂၄၄၄ ဦး၊ နိုင်ငံခြားသား(ကျား) ၄၀ နှင့် နိုင်ငံခြားသား(မ) ၁၈ ဦး စုစုပေါင်း ၂၃၆၉၇ ဦး ဝင်ရောက်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ သိရသည်။

သတင်း-ပွင့်သစ္စာ)၊ ဓာတ်ပုံ-စိုးမြင့်အောင်