သနပ်ပင် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်အတူ သနပ်ပင်မြို့ ဖွံ့ဖြိုးတိုးတက်စေရေး ဒေသခံမြို့မိ/ဖများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “သနပ်ပင်မြို့သည် ဝင်ငွေခွန်နည်းပါးသည့် မြို့တစ်ခုဖြစ်၍ မြို့တွင်းလမ်းများ လမ်းပိုင်း အလိုက် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေးအပြင် အခြားမြို့တွင်း စည်ပင်သာယာရေး လုပ်ငန်းများအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သီးခြားထောက်ပံ့ငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သနပ်ပင်မြို့နှင့် ပဲခူးမြို့သည် ထိစပ်ချိတ်ဆက်၍ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး စတင်ကြိုးစား ဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ သနပ်ပင်မြို့သည် (သီလဝါ - သန်လျင် - ခရမ်း - သနပ်ပင် - ပဲခူး) လမ်း ဖြတ်သန်းရာ မြို့တစ်ခုဖြစ်ကာ အနာဂတ်တွင် ကုန်စည်စီးဆင်းမှု၌ အရေးပါသည့် နေရာ တစ်ခု ဖြစ်လာမည်ဖြစ်၍ ယခုအချိန်ကတည်းက လမ်း၊ တံတား၊ ရေမြောင်းများ စတင်အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တက်ရောက်လာသူများကလည်း သနပ်ပင်မြို့ သန့်ရှင်းသပ်ရပ် ဖွံ့ဖြိုးတိုးတက်စေရေး ပွင့်ပွင့်လင်းလင်း အကြံပြုပြောကြား ပေးစေလိုကြောင်းနှင့် မိမိတို့အစိုးရ အဖွဲ့ကလည်း ပြည်သူအကျိုးရှိမည့် မည်သည့်လုပ်ငန်းကိုမဆို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများက သောက်သုံးရေ ရရှိစေရေး၊ မြို့တွင်းလမ်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့တွင်း ရေနုတ်မြောင်းများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အဓိက လမ်းမကြီးများအား ဦးစားပေးအဖြစ် လမ်းပိုင်းအလိုက် ကွန်ကရစ်လမ်းနှင့် ရေနုတ်မြောင်းများ တူးဖော်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး သနပ်ပင်မြို့ရှိ သဘာဝ ဓာတုကင်းလွတ် ငါးချဉ်လုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး တရားဝင် လုပ်ငန်း မှတ်ပုံတင်ရရှိရေး၊ ချေးငွေရရှိရေးနှင့် ဈေးကွက်ခိုင်မာမှုရှိစေရေး တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


