ရန်ကုန်   ဇန်နဝါရီ   ၇

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ရုံးဝင်းအတွင်း ၁၅ တန် Liquid Oxygen Tank တပ်ဆင်ထားရှိရန် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ပဲခူး ကားလမ်းဘေးရှိ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာန၊ မြနန္ဒာပန်းခြံသို့ သွားရောက်ပြီး ပန်းခြံပြုပြင်ထိန်းသိမ်းနေမှု၊ မြေယာရှုခင်းများ ဆောင်ရွက်နေမှုနှင့် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းသည်။

ဆက်လက်၍ မင်္ဂလာဒုံမြို့နယ်၊ ဧကရာဇ်ရပ်ကွက်၊ မြို့ရှောင်လမ်းပေါ်ရှိ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန၊ ရတနာသီရိဈေးသို့ သွားရောက်၍ ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေမှု၊ သားငါးရုံ ပြန်လည် တည်ဆောက်နေစဉ် ဆိုင်ခန်းများအား ယာဉ်ရပ်နားကွင်း၌ ပြန်လည်ချထားမှုနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၈ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာကန်သို့ သွားရောက်၍ မင်္ဂလာကန်ရေပိုလွှဲ Spill Way နှင့် ရေထုတ်မြောင်းအနီး အလျား ၁၂၀ ပေ၊ အနံ ပေ ၅၀၊ ရေစုကန် တူးဖော်ပြီးစီးမှု၊ ခရေပင်လမ်း မျက်နှာစာ ကန်ပေါင်ပေါ်တွင် လူသွားစင်္ကြံစက်ဘီးလမ်း ပြုလုပ်ရန် အရှည် ပေ ၁၂၀၀ ၊ အကျယ် ပေ ၂၀ ၊ မြေညှိပြုပြင်ပြီးစီးမှု၊ သစ်တောဦးစီးဌာန၊ မင်္ဂလာဒုံ ပျိုးဥယျာဉ်ဘက်အခြမ်း Aquamarine နှင့် Amphibious Excavator ယာဉ်များဖြင့် ဗေဒါ၊ ဒိုက်၊ ရေမှော်၊ ကိုင်းတောများ ရှင်းလင်းနေမှုနှင့် ကန်ပတ်လည် မြက်ပင်၊ ချုံနွယ်များ ရှင်းလင်းပြီးစီးမှုနှင့် အရိပ်ရပင်များ၏ အုပ်မိုးကိုင်းများ ရှင်းလင်း အလင်းဖွင့်ထားမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော် နောက်လမ်း (ဇင်ဇီယာလမ်း)သို့ သွားရောက်၍ အရှည် ပေ ၂၈၀၀၊ အကျယ် ၂၄ ပေ၊ ထု ၉ လက်မ နှစ်လမ်းသွား ကွန်ကရစ်ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကွန်ကရိခင်းကျင်းရာတွင် စံချိန်စံညွှန်းမီ ခင်းကျင်းရေး၊ လမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်