နေပြည်တော် ဇန်နဝါရီ ၇

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာအုပ်စု၊ နန့်ပုတ်ကျေးရွာအနီးတွင် ကျော်နိုင်ဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မဖြူ မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၇ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာတွင် သိန်းမင်း(ခ) ငယ်လေးကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ မြိတ်မြို့နယ်၊ မြိတ် တောင်ကျေးရွာတွင် မဝါဝါ(ခ)မဝါ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြားကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိ ခဲ့သည်။

 

ထို့ပြင် ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၈၀/၄)အနီးတွင် ဇင်မိုးလင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ကိုလည်းကောင်း၊ ထို့အတူ ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ပုန်းထွန်ဝါး ဆိပ်လမ်းဆုံတွင် အားဂါနှင့် မအေးအေးခိုင်တို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)