နေပြည်တော် ဇန်နဝါရီ ၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၆ ရက်တွင် သံတွဲမြို့နယ်အတွင်း တရားမဝင်သစ်များ သယ်ဆောင်နေကြောင်း သတင်းအရ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ သံတွဲ-တောင်ကုတ် ကားလမ်းဘေးရှိ ရေစင်ကျေးရွာ လမ်းမပေါ်တွင် ယာဉ်အမှတ် YGN-1P/7980 ပေါ်တွင် တောင်သရက်ခွဲသားဆိုဒ်စုံ (၄ ဒသမ ၅၃၃၈) တန်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၆၈၀,ဝ၇ဝိ/-)နှင့် ယာဉ်အမှတ် BGO-4I/5636 ပေါ်တွင် တောင်သရက်ခွဲသား (၃ ဒသမ ၅၅၄၀) တန်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၅၃၃,၁၀ဝိ/-) စုစုပေါင်း သစ်ခွဲသား (၈ ဒသမ ဝ၈၇၈)တန် ခန့်မှန်း တန်ဖိုးငွေကျပ် (၁,၂၁၃,၁၇၀/-) တို့ကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇန်နဝါရီ ၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များမှ သတင်းအရ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ တရားမဝင် သစ်ထုတ်လုပ် ရောင်းဝယ်မှု များအား အဖွဲ့ငယ်များခွဲ၍ တစ်ပြိုင်တည်းဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် ကျွန်းသစ် (၂၉ ဒသမ ၄ )တန်၊ ပျဉ်းကတိုး (၉ ဒသမ ၅)တန်၊ သစ်မာ (၁၀ ဒသမ ၆) တန်နှင့်၊ အခြားသစ် (၃၂)တန်၊ စုစုပေါင်း သစ်မျိုးစုံ(၈၁ ဒသမ ၅)တန်နှင့် သစ်တင်ဆောင်သည့် မော်တော်ယာဉ် (၃)စီးကို ဖမ်းဆီးရမိခဲ့သည်။
သို့ပါ၍ ဇန်နဝါရီ ၆ ရက်တွင် သစ်ခွဲသား (၈ ဒသမ ဝ၈၇၈)တန် နှင့် ဇန်နဝါရီ ၇ ရက်တွင် သစ်မျိုးစုံ(၈၁ ဒသမ ၅)တန်၊ စုစုပေါင်း ဖမ်းဆီးရမိ သစ် (၈၉ ဒသမ ၆)တန်နှင့် သစ်တင်ဆောင်သည့် မော်တော်ယာဉ် (၃)စီးကို သိမ်းဆည်း အမှုတွဲဖွင့်လှစ်ခဲ့ပြီး ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)