နေပြည်တော် ဇန်နဝါရီ ၈
အမျိုးသား အပင်မျိုးသစ် အကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကို ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ အမျိုးသား အပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အမှာစကား ပြောကြားရာတွင် အပင်မျိုးမွေးမြူသူများက လျှောက်ထားလာသည့် အပင်မျိုးသစ်များအား နည်းပညာ ကော်မတီက စစ်ဆေးထားသည့် နည်းပညာရပ်ဆိုင်ရာ အချက်အလက်များကို အခြေခံ၍ အပင်မျိုး မွေးမြူသူ၏ ရပိုင်ခွင့် အခွင့်အရေးအတွက် အမျိုးသား အပင်မျိုးသစ် အကာအကွယ်ပေးရေး ဆိုင်ရာ ဗဟိုကော်မတီက စိစစ်ပြီး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း၊ အပင် မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကို အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ် အကာအကွယ်ပေးရေး ကွန်ဗန်းရှင်း က လက်ခံသည့် ဥပဒေတစ်ခုအနေဖြင့် ပြဋ္ဌာန်းနိုင်ခဲ့ပြီးဖြစ်၍ လယ်ယာကဏ္ဍဆိုင်ရာ တီထွင်ထုတ်လုပ် သူများနှင့် ယင်းတို့၏ ထုတ်ကုန်များအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်ပေးနိုင်လျက် ရှိပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို ခေတ်စနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေး ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် အမျိုးသား အပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ အတွင်းရေးမှူး ဒေါက်တာနိုင်ကြည်ဝင်းက အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့် အခွင့်အရေး ရရှိရန် ကာကွယ်ခွင့် လျှောက်ထားလာသည့် အပင်မျိုးသစ် လေးမျိုးနှင့်ပတ်သက်၍ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး စစ်ဆေးတွေ့ရှိချက်များအား တင်ပြဆွေးနွေးရာ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
သတင်းစဉ်