ဆစ်ဒနီ ဇန်နဝါရီ ၉

ဩစတြေးလျနိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုမှာ ဇန်နဝါရီ ၈ ရက်တွင် ၁၀၀၀၀၀ ကျော်လွန်လာပြီး ၂၀၂၀ ပြည့်နှစ် တိုင်းပြည်အတွင်း ကပ်ရောဂါစတင်ဖြစ်ပွား သည့်အချိန်မှစတင်ကာ အများဆုံး ပမာဏဖြစ်ကြောင်း သိရသည်။ လူဦးရေထူထပ်သည့် ပြည်နယ်ကြီး သုံးခုတွင်လည်း နေ့စဉ် ကူးစက်မှုမှာ စံချိန်တင်မြင့်မားလျက်ရှိကြောင်း သိရသည်။ နယူးဆော့ဝေးပြည်နယ်မှာ လက်ရှိတွင် ကူးစက်မှု၏ဗဟို ချက်မနေရာဖြစ်နေပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း နောက်ထပ် ကူးစက်ခံရသူ ၄၅၀၉၈ ဦး ထပ်တိုးလာခဲ့သည်။ နေ့စဉ်ကူးစက်မှုနှုန်းမှာ ပထမဆုံးအကြိမ်အဖြစ် ၄၀၀၀၀ ထိရှိလာခြင်း ဖြစ်သည်။ ဆေးရုံတက်ရသူဦးရေမှာလည်း ၁၇၉၅ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူနေသူ ၁၄၅ ဦး ရှိလာသည်။

ဗစ်တိုးရီးယားပြည်နယ်၌ ဇန်နဝါရီ ၇ ရက်က ကူးစက်ခံရသူ ၂၁၇၂၈ ဦးရှိခဲ့ရာမှ ဇန်နဝါရီ ၈ ရက်တွင် ၅၁၃၅၆ ဦးအထိရှိလာခဲ့ သည်ဟု သိရသည်။

ဆင်ဟွာ