နီဗာ ဇန်နဝါရီ ၉

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုနှင့် စပ်လျဉ်း၍ လာမည့် သီတင်းပတ်အတွင်း အရေးပေါ်အစည်းအဝေး ကျင်းပရန် စီစဉ်လျက်ရှိကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် နိုင်ငံအပါအဝင် နိုင်ငံပေါင်းငါးနိုင်ငံက မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်မှုနှင့်စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေး ကျင်းပပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂသံတမန်ရေးဆိုင်ရာ သတင်းရပ်ကွက်က ဇန်နဝါရီ ၇ ရက်တွင် ပြောကြားသည်။ ထို့ကြောင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီ ၁၀ ရက်တွင် ကျင်းပသွားဖွယ်ရှိကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံသည် လွန်ခဲ့သည့်ရက်ပိုင်းက အသံထက်မြန်သော ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံ၏လက်ရှိ အာဏာရပါတီပိုင် သတင်းစာ Rodong Sinmun က ဇန်နဝါရီ ၆ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ အဆိုပါဒုံးကျည်ပစ်လွှတ်မှုသည် ပဲ့ထိန်းဒုံးကျည် နည်းပညာကို အသုံးပြုခဲ့ခြင်း ဖြစ်သောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်လည်း မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် အနောက်နိုင်ငံများက မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုနှင့် စပ်လျဉ်း၍ ပြစ်တင်ရှုတ်ချရန် တောင်းဆိုခဲ့သော်လည်း တရုတ်နိုင်ငံနှင့် ရုရှား နိုင်ငံတို့က ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်