မင်းဘူး ဇန်နဝါရီ ၉
မြန်မာတို့သည် ခြင်းလုံးခတ်ကစားခြင်းကို ရိုးရာကိုယ်လက်လှုပ်ရှားမှု အားကစားတစ်ရပ်အနေဖြင့် ဘိုးဘေဘီဘင် လက်ထက်မှ အစပြုကာ ယနေ့အထိ မြတ်မြတ်နိုးနိုး ကစားခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ခြင်းခတ်ကစားခြင်းကို တိကျစွာ မသိကြသော်လည်း ဒွတ္တဘောင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော သရေခေတ္တရာမြို့ဟောင်းရှိ ဘောဘောကြီးစေတီ ဌာပနာတိုက်မှ ငွေအတိဖြင့် ပြလုပ်ထားသော ခြင်းလုံးတစ်လုံးကို တူးဖော်တွေ့ရှိရသဖြင့် ထိုးခေတ်ကပင်လျှင် ခြင်းလုံးနှင့် ခြင်းခတ်ကစားခြင်းများ ပေါ်ပေါက်နေပြီဟု ယူဆရပေသည်။
မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ်၌ နန်းတက်သော ပုဂံမင်းလက်ထက်တွင် ယိုးဒယားပန်းပုသမား တစ်ဦးသည် ဆင်စွယ်ဖြင့် ထုထွင်းပြုလုပ်ထားသော ခြင်းလုံးတစ်လုံးကို ပုဂံမင်းအား ဆက်သရာ လွန်စွာနှစ်သက်တော် မူလှ၍ ထိုပုံအတိုင်း ကြိမ်ဖြင့်ထိုးစေပြီး နန်းတွင်းသား လူပျိုးတော်တို့အား စတင်ခတ်ကစားစေခဲ့သည်ဟု အဆိုရှိခဲ့သည်။ ထိုအချိန်က ဝိုင်းခြင်းများသာ ခတ်ကစားကြပြီး ဝိုင်းခြင်းခတ်ကစားခြင်းသည် တစ်ဦးနှင့် တစ်ဦး၏စိတ်ကို ညီညွတ်စေသည်။ ထို့ကြောင့် “အပေးအယူ စိတ်ကြည်ဖြူ ခြင်းမူစာဂ မျှစိတ္တ” ဟု ဆောင်ပုဒ် ရှိခဲ့သည်။
ခြင်းခတ်ကစားနည်းကို ခြင်းသေနှင့် ခြင်းရှင်ဟူ၍ နှစ်မျိုးခတ်ကစားကြပြီး ခြင်းသေကစားခြင်းကို ညှပ်ခြင်း ကစားသည်ဟုလည်း ခေါ်ဆိုးကြသေးသည်။ ညှပ်ခြင်းဆိုသည်မှာ ကစားသူက ခြင်းလုံးကို သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အစိတ်အပိုင်း အမျိုးမျိုးနှင့်ညှပ်၍ ကစားပြခြင်းပင်ဖြစ်သည်။ ညှပ်ခြင်းကစားရာ၌ ခြင်းလုံး ၁ လုံးမှ ၆ လုံးအထိ ခဲရာခဲဆစ် အဆန်းထွင် ကစားကြသည်။
ခြင်းရှင်ကစားနည်းဆိုသည်မှာ ခြင်းလုံးတစ်လုံးကို လူ ၄၊ ၅ ယောက်က မြေသို့မကျအောင် ဝိုင်းဖွဲ့ခတ်ကစားကြရာမှ ယခုခေတ် နောက်ပိုင်းကာလများတွင် တစ်တောင်ဖြင့်တွက်ခြင်း၊ ပခုံးဖြင့်တော့ခြင်း၊ ခေါင်းဖြင့်ဆတ်ခြင်းဟူသော ကစားပုံအမျိုးမျိုးကို အဆန်းထွင်၍ လှပယည်ကျေးသော ကစားကွက်များဖြင့် ခြင်း၏ လှုပ်ရှားပုံအလိုက်ကျခြင်း၊ တက်ခြင်း၊ ပေးခြင်း၊ ဆင်းခြင်း၊ ထိန်းခြင်း၊ တော့ခြင်း၊ လှန်ခြင်း၊ လာခြင်း၊ ထွက်ခြင်း၊ ထောက်ခြင်း၊ ထိုးခြင်း၊ ဖြတ်ခြင်း၊ ပို့ခြင်း၊ မြေထိခြင်း၊ ကော်ခြင်း စသည့် အမှတ်အသားများဖြင့် ခတ်ကစားကြသည်။
ယခုအခါ ရိုးရာခြင်းခတ်ကစားနည်းများကို ခေတ်နှင့်အညီ အမြင်ဆန်း အသွင်ဆန်းသော ခြင်းခတ်ကစားနည်းများဖြင့် ဒူး၊ ခြေဖျား၊ ခြေဖမိုး၊ ခြေဖဝါး၊ ခြေဖနောင့်၊ ခြေခွင်၊ ခြေစောင်း စသည့်နည်းများအပြင် ပခုံး၊ ခေါင်း၊ ကျောကုန်း၊ တံတောင်၊ ရိုးရိုးဒူး၊ နှစ်ထပ်ဒူး၊ ဝိုက်ဒူး၊ မဟာဒူး၊ ဂုမ္ဘာန်ဒူး၊ စလွယ်ခြင်း၊ ဝိုက်ခြင်း၊ ရှပ်ခြေထိုးခြင်း ဟူသော ခြင်းခတ်ကစားနည်းများသည် ကမ္ဘာက အားကျဂုဏ်ယူလောက်သည့် မြန်မာတို့၏ ရိုးရာရိုးရာ ခြင်းခတ်ကစားနည်းများ ဖြစ်ကြပါတော့သည်။
ဇေယျာထက်(မင်းဘူး)