သုံးခွ ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း (UMFCCI) က အခြေခံစားသောက်ကုန်များဖြစ်သော ဆိတ်သား၊ အမဲသား၊ ဆန်၊ ဆီတို့အား သုံးခွမြို့နယ် ဒေသခံပြည်သူများသို့ ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက သုံးခွမြို့၊ မြို့မစျေး တောင်ဘက် ဒေါ်မိန်းခလေးပြည်သူ့စာကြည့်တိုက်ရှေ့နှင့် မြို့နယ်စည်ပင်သာယာရုံးရှေ့တို့တွင် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ဈေးရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးသိန်းစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆိတ်သား(အသားသီးသန့်) တစ်ပိဿာ ၂၀၀၀၀ ကျပ်ဖြင့် ၁၃ ပိဿာ၊ အမဲသားတစ်ပိဿာ ၁၂၀၀၀ ကျပ်ဖြင့် ၁၀ ပိဿာ၊ ဧည့်မထဆန် (ငါးပြည်ဝင်) တစ်အိတ် ၅၀၀၀ ကျပ်ဖြင့် ၃၅ အိတ်၊ ပေါ်ဆန်းမွှေးဆန် (ငါးပြည်ဝင်) တစ်အိတ် ၈၅၀၀ ကျပ်ဖြင့် ၂၈ အိတ်၊ စားအုန်းဆီ ငါးဆယ်သားပါတစ်ဘူး ၁၈၅ဝ ကျပ်ဖြင့် ဘူး ၁၂ဝ၊ ကြက်ဥဆယ်လုံးပါတစ်ကတ် ၁၃၀၀ ကျပ်နှုန်းဖြင့် ၂၅ ကတ်တို့အား ဒေသခံပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ဆန်း