ငါန်းဇွန် ဇန်နဝါရီ ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ငါန်းဇွန်မြို့နယ်အတွင်းရှိ တမာပင်၊ လယ်ဝန်းကုန်း၊ တောင်လယ်တော၊ လင်ပံကျင်း(မြောက်)၊ စုစုပေါင်းကျေးရွာလေးရွာ၌ ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် အုတ်စီရေနုတ်မြောင်းပြုလုပ်ခြင်း လုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၄၀၀ နှင့် ပြည်သူလူထုထည့်ဝင်ငွေကျပ် ၁၂ သိန်းတို့ဖြင့် သက်ဆိုင်ရာကျေးရွာနေ ပြည်သူလူထုကိုယ်တိုင် ဦးဆောင်ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်ကစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် အဆိုပါလုပ်ငန်းအားလုံး၏ ၃၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ သတ်မှတ်အတိုင်းအတာ ပြည့်မီရေးတို့ကို ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်၊ ဦးစီးအရာရှိ(နည်းပညာ) ဦးစိုးဝင်းထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း၊ ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် အုတ်စီရေနုတ်မြောင်းပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးပါက သက်ဆိုင်ရာကျေးရွာနေ ပြည်သူလူထု၏ သွားလာရေးအဆင်ပြေသည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများအတွက်ပါ အကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)