နေပြည်တော် ဇန်နဝါရီ ၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်များတွင် ဧရာဝတီတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့မှ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကိုးဆူ စစ်ဆေးရေးဂိတ်နှင့် ရေကြည်မြို့နယ်၊ မိဿလင် ကျေးရွာအနီး တို့တွင် တရားမဝင်သစ်များသယ်ဆောင်လာကြောင်း သတင်းအရ ပိတ်ဆို့စစ်ဆေးခဲ့ရာ ကျွန်းသစ်(၅၃)တန်နှင့် ပျဉ်းကတိုးသစ်(၈)တန်၊ စုစုပေါင်းသစ်ခွဲသား (၆၁) တန်ခန့်ကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ဇန်နဝါရီ ၇ ရက်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် တရားမဝင်သစ်များ သယ်ဆောင်လာကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့မှ တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းကျေးရွာ၊ နေလသစ္စာပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းစစ်ဆေးခဲ့ရာ သင်္ဂဒူသစ်ခွဲသားဆိုဒ်စုံ (၁.၈)တန်ခန့်အား သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇန်နဝါရီ ၈ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်သေတ္တာများအား စစ်ဆေးခဲ့ရာ သွင်းကုန်ကြေငြာလွှာတွင် ပါဝင်ခြင်းမရှိသော လုပ်ငန်းသုံး သစ်ပုံဖော်စက်(၄)လုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၀၀,၀၀၀)ခန့်အား လည်းကောင်း၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်း (၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၁၀၀,၀၀၀) ခန့်အား လည်းကောင်း၊ လူသုံးကုန်ပစ္စည်း(၂၁)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၇၂၅၀၀)ခန့်အား လည်းကောင်း၊ စုစုပေါင်း အမှုတွဲ(၃)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၁၇၂,၅၀၀)ခန့်အား သိမ်းဆည်းရမိခဲ့ပြီး အမှုတွဲ ဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့သည်။
ထို့အတူ ဇန်နဝါရီ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ကြိုးဝိုင်းသစ်တောများအတွင်း တရားမဝင်သစ်များ ထုတ်လုပ်လျက်ရှိကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် သစ်မျိုးစုံ (၆ ဒသမ ၃၅) တန် ဖမ်းဆီးရမိခဲ့သည်။
သို့ပါ၍ ဇန်နဝါရီ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နှင့် ၉ ရက်များတွင် သစ်မျိုးစုံ (၆၉ ဒသမ ၁၅) တန်အား လည်းကောင်း၊ ဇန်နဝါရီ ၈ ရက်တွင် အမှုတွဲ(၃)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၁၇၂,၅၀၀) ခန့်အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်