မြဝတီ ဇန်နဝါရီ ၁၀
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် မဲကနယ်ကျေးရွာအုပ်စု ပွင့်လင်းအေးမြိုင်ကျေးရွာတွင် တင်ဒါအောင်မြင်သည့် ရတနာဌေးကြွယ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ပွင့်လင်းအေးမြိုင်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအား ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းက မြဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငွေစိုးနှင့် တာဝန်ရှိသူများအား ရတနာဌေးကြွယ်ကုမ္ပဏီမှ တာဝန်ရှိသူများက ကုန်ထုတ်ဖောက်လုပ်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ခရိုင်ဦးစီးမှူး ဦးနေဝင်းက ကုမ္ပဏီမှ တာဝန်ရှိသူများအား သတ်စံချိန်စံညွှန်းအတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ပွင့်လင်းအေးမြိုင်ကျေးရွာ ကုန်ထုတ်ဖောက်လုပ်ခြင်းလုပ်ငန်းသည် အရှည် ၁ မိုင် အကျယ် ၁၈ ပေ ထု ၂ ပေ ၉ လက်မဖြစ်ပြီး ပြည်ထောင်စုဘဏ္ဍာ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၇ ဒသမ ၁၆၅ သန်းဖြင့် ရတနာဌေးကြွယ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်း ဖြစ်သည်။ အဆိုပါ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ကျေးရွာရှိ တောင်ယာလုပ်ငန်းရှင်များ၊ လယ်လုပ်ငန်းရှင်များနှင့် အခြားစီးပွားရေးလုပ်ငန်းရှင်များ၏ ကုန်ကြမ်းထွက်ကုန်နှင့် ကုန်ချောထုတ်ကုန်များအား စျေးကွက်အတွင်းသို့ အချိန်တိုအတွင်း လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မြဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တေဇာလင်း


