တိုကျို ဇန်နဝါရီ ၁၀
ဂျပန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူး စက်မှုများ မြင့်တက်လာသဖြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာများရှိ ဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများရှိ သက်ကြီးရွယ်အို ၆၀၀ ကျော်နှင့် အဆိုပါဂေဟာများရှိ ဝန်ထမ်းများအား ယခုသီတင်းပတ်ကုန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ တိုကျိုဒေသအရှေ့ဘက် ချီဘာမြို့ရှိသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ ငါးခု၌ ယမန်နှစ် ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို စတင်ဆောင်ရွက် ခဲ့သည်။
သက်ကြီးရွယ်အိုများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက ငယ်ရွယ်သူများထက် ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပြီး ၎င်းမှတစ်ဆင့် လူအစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်သည့် အခြေအနေသို့ ရောက်ရှိနိုင်သဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းအား အရှိန်မြှင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊
ဘာသာပြန် - စိုးသူရ